နေပြည်တော်၊ ဒီဇင်ဘာ ၁၅
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနအနေဖြင့် စက်မှုလုပ်ငန်းနှင့် စက်မှုဇုန်များ ဖွံ့ဖြိုးတိုးတက်ရေး၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ခံဝန်ကြီးဌာနအဖြစ် ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တတ်စွမ်းသမျှ ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ မိတ္ထီလာဒေသသည် စိုက်ပျိုးရေး အခြေခံ စက်မှုလုပ်ငန်းများကို အစပျိုးဆောင်ရွက်ခဲ့သည့်ဒေသဖြစ်၍ ယခင်ထက်ပိုမိုဖွံ့ဖြိုး တိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အနေဖြင့် ပြည်တွင်းဝတ်ဆင်ရေးကဏ္ဍနှင့် စားသုံးဆီဖူလုံစေရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း။
ထို့ကြောင့် ချည်မျှင်ထုတ်လုပ်သည့်စက်ရုံများ၊ အဝတ်အထည် ထုတ်လုပ်သည့် စက်ရုံများအနေဖြင့် ထုတ်လုပ်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေး တိုးတက်ကောင်းမွန်စေရေးအတွက် သုတေသနနှင့် တီထွင်ဆန်းသစ်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှု လုပ်ငန်းများသည် ဈေးကွက်ရှိမှသာ ရေရှည်ရပ်တည်လည်ပတ်နိုင်၍ ဈေးကွက်သုတေသနလုပ်ငန်းများကို ဆောင်ရွက်ရမည့်အပြင် ဈေးကွက်လိုအပ်ချက်အတိုင်း ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်ရုံမှူးများနှင့် ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


