နေပြည်တော် ဇန်နဝါရီ ၁၉

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် မကွေးတိုင်းဒေသကြီး စီးပွားရေးဝန်ကြီး ဦးအောင်ချိန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၌ အဆိုပါဌာနမှ ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် တိုင်းဒေသကြီး ဦးစီးဌာနမှူးက တိုင်းဒေသကြီးအတွင်းရှိ MSME များ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ မကွေးစက်မှုဇုန်တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီးမှ ပါဝင်ပြသ၊ ယှဉ်ပြိုင်မည့်အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက တိုင်းဒေသကြီး၏ အသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တွင် MSME ကဏ္ဍမှ ပါဝင်မှုရာခိုင်နှုန်းကို တွက်ချက်ထားရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုတိုးတက်လျှင် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်၍ ထုတ်ကုန်ပစ္စည်းများ အမြောက်အများ ထုတ်လုပ်နိုင်ရေးအတွက် စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် နည်းပညာရရှိရေး၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ငွေကြေးအရင်းအနှီးရရှိရေးတို့ကို စီမံ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်း၊ နည်းပညာရရှိရေးအတွက် စက်မှုလုပ်ငန်းများနှင့် တက္ကသိုလ်များ ချိတ်ဆက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ MSME များသည် ဒေသတွင်းရှိ ပြည်သူများကို အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်သဖြင့် ဆင်းရဲနွမ်းပါးမှုကို လျော့ချနိုင်၍ အမှန်တကယ် ဖွံ့ဖြိုးတိုးတက်အောင် လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်မြို့၌ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ MSME များမှ ထုတ်လုပ်သော ထုတ်ကုန်ပစ္စည်းများကို ခင်းကျင်းပြသရောင်းချနေမှုကို လှည့်လည်အားပေး ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်