နေပြည်တော်၊ ဒီဇင်ဘာ ၁၇ 

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ တာဝန်ရှိသူများနှင့်တွေ့ဆုံခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ၌ ကျင်းပရာ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယက၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ နာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်အဖွဲ့များ၊ ကောင်စီဝင်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်မှုဝန်ကြီးဌာနတွင် အင်ဂျင်နီယာပညာရှင်၊ နည်းပညာရှင်၊ နည်းပညာကျွမ်းကျင်သူ စုစုပေါင်း (၁၄၈၂) ဦးရှိသဖြင့် အင်ဂျင်နီယာကောင်စီ၏ အသိအမှတ်ပြု မှတ်ပုံတင် လက်မှတ်ရရှိရေး လျှောက်ထားစေလျက်ရှိကြောင်း၊ စည်းမျဉ်းနှင့်အညီ ထိန်းကျောင်း ကြပ်မတ်ရန် တာဝန်ပေးအပ်ခံရသည့် ဝန်ထမ်းများ၏ အရည်အသွေး တိုးတက်မြင့်မားစေရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ်ရရှိပြီး အင်ဂျင်နီယာများသည် အင်ဂျင်နီယာကျင့်ဝတ်များကို လိုက်နာရသလို မိမိကိုယ်တိုင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် (Life-Long Learning) ဆောင်ရွက်ရသည့်အပြင် သက်ဆိုင်ရာ ဘာသာရပ်များနှင့် ပတ်သက်၍လည်း နောက်ဆုံးအခြေအနေနှင့် ကိုက်ညီအောင် ဆောင်ရွက်ရကြောင်း။

စက်မှုလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်ရေးအတွက် စက်မှု၊ လျှပ်စစ်၊ အီလက်ထရောနစ်၊ ဓာတု၊ သတ္တု၊ ချည်မျှင်နှင့်အထည်၊ အင်ဂျင်နီယာ စသည့်ဘာသာရပ်များနှင့်ပတ်သက်၍ ပုံစံစစ်ဆေး အတည်ပြု (Plan Approval) ပေးရမည့် အင်ဂျင်နီယာများ လိုအပ်လျက်ရှိ၍ မွေးထုတ်ပေးနိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်းမှ မွေးထုတ်ပေးခဲ့သည့် အင်ဂျင်နီယာများ အလုပ်အကိုင် ရရှိရေးအတွက်လည်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥက္ကဋ္ဌက ကောင်စီ၏ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းတာဝန်များ၊ အင်ဂျင်နီယာများ၏ အရည်အသွေး ပြည့်မီစေရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာသူများမှ အင်ဂျင်နီယာပညာရေး မြင့်မားတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ပြည်တွင်းစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် အချက်အလက်များကို ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်