နေပြည်တော် ဩဂုတ် ၂၀
မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏ စတုတ္ထအကြိမ်မြောက် အသင်းသားစုံညီ နှစ်ပတ်လည်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ကျင်းပသည်။
အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျန်းမာရေးဝန်ကြီးဌာန အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနနှင့် စက်မှုဝန်ကြီးဌာန စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ နှင့်ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌနှင့်အသင်းဝင်များ၊ တာဝန်ရှိသူများ တက်ရောက်သည်။
ဦးစွာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဆီထွက်သီးနှံ စိုက်ပျိုးရေး လုပ်ငန်းများမှ ထွက်ကုန်များကို အခြေခံပြီး တန်ဖိုးမြှင့်ထုတ်လုပ်သည့် Supply Chain တစ်လျှောက်တွင်ရှိသော လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော စိုက်ပျိုး စရိတ်ချေးငွေ၊ မျိုးစေ့၊ မြေဩဇာနှင့် ရေ စသည့် သွင်းအားစုများ အချိန်မီရရှိနိုင်ရန် “စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံများတိုးချဲ့ စိုက်ပျိုးရေးကော်မတီ” က ဦးဆောင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အရည်အသွေးကောင်းမွန်သော ဆီများထုတ်လုပ်နိုင်ရန် အဆင့်မီဆီစက်များ လိုအပ်နေသည့်အတွက် ပြည်တွင်းဆီစက်များကို အဆင့်မီဆီစက်များ တိုးချဲ့တပ်ဆင်ခြင်း၊ အသစ်များထပ်မံတည်ဆောက်ခြင်းနှင့် လက်ရှိဆီစက်များ အဆင့်မြှင့် တင်ခြင်းတို့ဆောင်ရွက်ရန် ငွေကြေးအရင်းအနှီး ပံ့ပိုးပေးနိုင်ရေးအတွက် “ဆီစက်ချေးငွေ စီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့”မှ ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းစားသုံးဆီကို အရည်အသွေး မြှင့်ထုတ်လုပ်နိုင်ရန် ဆီထုတ်လုပ်သည့် လုပ်ငန်းစဉ်များတွင် ဆီသန့်စင်သည့် နည်းပညာများ လိုအပ်နေသည့်အတွက် ဆီလုပ်ငန်းရှင်များ၊ ပညာရှင်များနှင့် ဆွေးနွေးပွဲများပြုလုပ်ပြီး ကူညီပံ့ပိုးပေးနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း၊ ဆီစက်လုပ်ငန်းရှင်များအနေဖြင့် မိရိုးဖလာလုပ်ကိုင်နေသော ထုတ်လုပ်မှုပုံစံမှ ခေတ်မီဆီသန့်စင်နည်းပညာများအသုံးပြုပြီး ကျန်းမာရေးနှင့် ညီညွတ် သည့် အရည်အသွေးမြင့်ဆီများကို ထုတ်လုပ်ရောင်းချခြင်းဖြင့် လုပ်ငန်းများ ရေရှည် ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင် များအသင်းချုပ် ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အမှာစကားများပြောကြားကြပြီး မြန်မာနိုင်ငံ ဆီစက်ပိုင်ရှင်များအသင်း ဥက္ကဋ္ဌက အသင်း၏ ရည်ရွယ်ချက်၊ရှေ့လုပ်ငန်းစဉ်နှင့် Myanmar Laboratory Network ဥက္ကဋ္ဌ ၊ဆေးဝါးတက္ကသိုလ်(ရန်ကုန်) ဒုတိယပါမောက္ခချုပ်က ရောနှောဆီနှင့် စံချိန်စံညွှန်းများကို ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း အလုပ်အမှုဆောင်အဖွဲ့ ဆောင် ရွက်ချက်များကို အစီရင်ခံတင်ပြခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်း၊ မြန်မာနိုင်ငံ ဆီ စက်လုပ်ငန်းရှင်များအသင်း ၏၂၀၂၂-၂၀၂၃ နှစ်ချုပ်ငွေစာရင်းရှင်းတမ်းနှင့်ပတ်သက်၍ စာ ရင်းစစ်အစီရင်ခံစာအားဖတ်ကြားခြင်း၊ မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များအသင်း၏ နှစ်ပတ်လည် အစည်းအဝေးသို့ ကြိုတင်ပေးပို့ထားသော မေးခွန်းများ၊ အကြံပြုလွှာများကို ဖတ်ကြားတင်ပြ ခြင်းနှင့် ပြန်လည်ဖြေကြားခြင်း၊ အသင်း၏ သင်းဖွဲ့စည်းမျဉ်း ပြင်ဆင်ဖြည့်စွက်ချက်များ နှင့်ပတ်သက်၍ တက်ရောက်လာသူများထံမှ အတည်ပြုချက်များရယူခြင်း၊ ကုမ္ပဏီအသီးသီး ၏ ထုတ်ကုန်ပစ္စည်းများအား မိတ်ဆက်ပြသခြင်းများကို ဆောင်ရွက်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး နှင့် တက်ရောက်လာသူများသည် မြန်မာနိုင်ငံဆီစက်ပိုင်ရှင်များမှ ခင်းကျင်းပြသထားသည့် ထုတ်ကုန်ပစ္စည်းများကို လှည့်လည်အားပေးကြည့်ရှုသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီရုံးတွင် Hybrid System ဖြင့် ကျင်းပလျက်ရှိသည့် အင်ဂျင်နီယာပညာရေး အဆင့်မြှင့်တင်ခြင်းသင်တန်း ဖွင့်လှစ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအနေဖြင့် နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ စက်မှု သိပ္ပံများရှိ ဘွဲ့၊ ဒီပလိုမာသင်တန်းများ၏ အဆင့်အတန်းကို ကမ္ဘာ့နိုင်ငံအသီးသီးရှိ အင်ဂျင်နီယာ တက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များ၊ သိပ္ပံများနှင့် ရင်ပေါင်တန်း၍ တန်းတူရည်တူဖြစ် စေရေးအတွက် ဝါရှင်တန်သဘောတူညီချက် (Washington Accord)၊ ဆစ်ဒနီသဘောတူညီချက် (Sydney Accord)၊ ဒက်ဘလင်သဘောတူညီချက် (Dublin Accord) များသို့ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီအား တင်းပြည့်အဖွဲ့ဝင်အဖြစ် ပါဝင်နိုင်ရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသို့ နည်းပညာတက္ကသိုလ်၊ ကောလိပ်၊ စက်မှုသိပ္ပံများမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဆရာ/ဆရာမများ၊ စက်မှုသိပ္ပံများအတွက် အသိအမှတ်ပြုစစ်ဆေးပေးမည့် အကဲဖြတ်ဆရာ/ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်