နေပြည်တော် ဖေဖော်ဝါရီ ၂၁
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)၊ အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံစက္ကူနှင့် ပျော့ဖတ် အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား လက်ခံတွေ့ဆုံသည်။
တွေ့ဆုံပွဲသို့ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ဒုတိယ အမြဲတမ်းအတွင်းဝန် နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့နိုင်ငံ၌ ပြည်တွင်းစားသုံးမှု ဖူလုံရေးအတွက် စပါးများကို တိုးချဲ့စိုက်ပျိုးလျက်ရှိ၍ ဘေးထွက်ပစ္စည်းဖြစ်သည့် ကောက်ရိုးများဖြင့် ပျော့ဖတ်များပြုလုပ်ပြီး အဆင့်မြင့်စက္ကူများ ထုတ်လုပ်နိုင်ရေးစီမံဆောင်ရွက်ရန် ထပ်မံလမ်းညွှန်ထားကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုအနည်းငယ်ဖြင့် အသေးစားစက်ရုံများ တည်ဆောက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် ဒေသတွင်းရှိ ပြည်သူများ အား အလုပ်အကိုင်ရရှိအောင် ဖန်တီးပေးခြင်းဖြစ်ကြောင်း၊ ကောက်ရိုးမှတစ်ဆင့် ပျော့ဖတ် နှင့်စက္ကူများထုတ်လုပ်သည့် စက်ပစ္စည်းကိရိယာများကိုလည်း ပြည်တွင်း၌ ထုတ်လုပ်နိုင် ရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လုပ်ငန်းများစတင်ဆောင်ရွက်စဉ် အခက်ခဲများစွာရှိသလို၊ အခွင့်အလမ်းလည်းများစွာရှိကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့် အကြီးစား စက်မှုလုပ်ငန်းများကိုသာ ဆက်လက် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး အသေးစားစက်မှုလုပ်ငန်းများကို ပုဂ္ဂလိကစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှဲပြောင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ စက္ကူနှင့်ပျော့ဖတ် ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံစက္ကူနှင့်ပျော့ဖတ်အသင်း ဥက္ကဋ္ဌက စက္ကူနှင့်ပျော့ဖတ် ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနေမှု၊ ပြည်တွင်း၌ လိုအပ်သောစက္ကူများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှု၊ စက္ကူနှင့်ပျော့ဖတ်များ ထုတ်လုပ်ခြင်းကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိအောင် စီမံ ဆောင်ရွက်နေမှုအခြေအနေများကိုလည်းကောင်း၊ အသင်းဝင်များက စက္ကူနှင့် ပျော့ဖတ် များထုတ်လုပ်ရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများကိုလည်းကောင်း ရှင်းလင်း တင်ပြ ကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြည့်စွက်ရှင်းလင်းပြောကြားပြီး လိုအပ် သည့် ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးက ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်