နေပြည်တော်၊ မေ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည့် အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ရုံး၌ကျင်းပရာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ မန္တလေးတိုင်းဒေသကြီး MSME အေဂျင်စီအဖွဲ့ဝင်များ၊ MSME လုပ်ငန်းရှင်များနှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဉီးစွာ ပြည်ထောင်စုဝန်ကြီးက  မန္တလေးတိုင်းဒေသကြီးရှိ MSME လုပ်ငန်းရှင်များအနေဖြင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး MSME အေဂျင်စီနှင့်ပူးပေါင်းပြီး ဒေသတစ်ခု ထုတ်ကုန်တစ်ခု (OROP)၊ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မည့် အစီအစဉ်များနှင့် ချိတ်ဆက်၍ အောင်မြင်အောင်ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် စိုက်ပျိုးမွေးမြူရေး အခြေခံထုတ်ကုန်များကို အောင်မြင်အောင် ဆောင်ရွက်ရန်အတွက် ကော်ဖီ၊ သရက်၊ စပျစ်၊ ထောပတ်၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲစင်းငုံ၊ မိုးပဲတီစိမ်း၊ ဆောင်းပဲတီစိမ်း၊ ဝါသီးနှံ/ ချည်မျှင်ရှည်ဝါ၊ ကြက်သွန်နီ၊ ငရုတ်ခြောက်၊ ကြံ၊ ယွန်းထည်၊ ပုန်းရည်ကြီး၊ နို့နှင့်နို့ထွက်ပစ္စည်း၊ ပဲအခြေခံတန်ဖိုးမြှင့် စားသောက်ကုန် စသည်တို့ကို အစီအစဉ်များ ရေးဆွဲ တင်ပြထားသည်ကို တွေ့ရှိရ၍ အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဆိုလျှင် တစ်ဦး တစ်ယောက်ချင်းစီ၏ အကျိုးစီးပွားများ တိုးတက်လာမည်ဖြစ်သကဲ့သို့ တိုင်းဒေသကြီး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီး‌ပေးနိုင်မှု၊ ဒေသထွက်ကုန်များ ဈေးကွက်ပိုမို ထိုးဖောက်နိုင်မှု စသည့်အကျိုးကျေးဇူးများအပြင် မျှော်မှန်းရလဒ် အနေဖြင့် စားရေရိက္ခာ ဖူလုံလာမည့်အပြင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာပြီး ဆင်းရဲနွမ်းပါးမှုကိုပါ လျှော့ချပေးနိုင်မည်ဖြစ်ကြောင်း။
ဝါစိုက်ပျိုးထုတ်လုပ်မှုနှင့် ပတ်သက်၍ ဝါကိုမိုးနည်းသည့်ဒေသဖြစ်သော မန္တလေးတိုင်းဒေသကြီးတွင် အများဆုံးစိုက်ပျိုးသည်ကို တွေ့ရှိရကြောင်း၊ ဝါစိုက်ပျိုးရာတွင် အရည်အသွေးမီဝါမျိုးများ ပြောင်းလဲစိုက်ပျိုးရန် လိုအပ်ကြောင်း၊ ပြည်ပသို့ ဝါကုန်ကြမ်းများအား တင်ပို့မည့်အစား ဝါဂွမ်းမှချည်ထည် ထုတ်လုပ်တင်ပို့နိုင်ပါက စီးပွားရေးအရ တွက်ခြေကိုက်၍ ဝါဂွမ်းကို တိုးတက်ထုတ်လုပ်ပြီး အဆင့်မီချည်ထည်များ ထုတ်လုပ်ပေးနိုင်ရန်အတွက် တက်ရောက်လာသော MSME လုပ်ငန်းရှင်များကို တိုက်တွန်း ပြောကြားလိုကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းတွင် ပုဂ္ဂလိက စက်မှုလုပ်ငန်းမှတ်ပုံတင်ထားသည့် ဆီစက်လုပ်ငန်း (၅၈၇) ခု၊ ဝါကြိတ်လုပ်ငန်း (၉၆) ခု၊ ချည်မျှင်လုပ်ငန်း (၆) ခု၊ နို့နှင့်နို့ထွက်ပစ္စည်းလုပ်ငန်း (၃၈) ခုရှိပြီး တစ်နှစ်လျှင် စားသုံးဆီ (၄၈၅၆၁) တန်၊ ဝါဂွမ်း (၄ ဒသမ ၅၉၁) ပေါင်သန်း၊ ချည်အမျိုးမျိုး (၁၁ ဒသမ ၆၅၈) ပေါင်သန်း၊ နို့ဆီ/ နို့မှုန့်/ ထောပတ် (၅၉၆) တန်ခန့် ထုတ်လုပ်နိုင်သည်ကို စိစစ်တွေ့ရှိရကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းများနှင့်ပတ်သက်၍ ရင်ဆိုင်ကြုံတွေ့နေရမှုများ၊ လိုအပ်ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က MSME များသည် ပြည်ပသွင်းကုန် အစားထိုးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်၍ ဈေးကွက်ရှာဖွေပြီး အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ MSME လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်နေစဉ် တွေ့ကြုံနေရသည့် အခက်အခဲများရှိပါက မှန်ကန်သော အချက်အလက်များကို အခြေခံ၍ တင်ပြ ဆွေးနွေးပေးကြပါရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် မန္တလေးစက်မှုဇုန်အတွင်းရေးမှူးနှင့် Good Brother Co., Ltd. တို့က ဝါကြိတ်စက်များ ထုတ်လုပ်နေမှု၊ ဝါလုပ်ငန်းရှင်၊ ဆီစက်လုပ်ငန်းရှင်၊ ကော်ဖီလုပ်ငန်းရှင်၊ သရက်စိုက်ပျိုး တောင်သူများက ရှင်းလင်းတင်ပြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်တို့သည် ကျောက်ဆည်မြို့ရှိ မြဘုရင်နို့ချက်စက်ရုံသို့ ရောက်ရှိပြီး စက်ရုံအတွင်း နို့နှင့်နို့ထွက် ပစ္စည်းများ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်အားပေး ကြည့်ရှုစစ်ဆေးသည်။

 

mdn


ထို့နောက် မြန်မာ့လယ်ယာသုံး စက်ကိရိယာစက်ရုံ (အင်းကုန်း) သို့ ရောက်ရှိပြီး ပြည်ထောင်စု ဝန်ကြီးက လျှပ်စစ်ဓာတ်အား သုံးစွဲမှုနည်းပါးသည့် ကြိတ်လုံးနှစ်လုံးတပ် ဝါကြိတ်စက်များကို သုတေသနပြု စမ်းသပ်ထုတ်လုပ်နေသည့်အတွက် လိုအပ်သော စက်အစိတ်အပိုင်းများကိုလည်း ထုတ်လုပ်ပေးနိုင်ရေး ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ ဝါကြိတ်စက်ထုတ်လုပ်သည့် နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန်မှာကြားပြီး ဝါကြိတ်စက်များအတွက် လိုအပ်သည့်ပင်နယံများ ထုတ်လုပ်ထားမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ယမန်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဆေးဝါးစက်ရုံ (အင်ရောင်း) သို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ စက်ရုံမှူးက လုပ်ငန်းဆောင်များ ဆောင်ရွက်နေမှုကို ရှင်လင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် လိုအပ်သော ဆေးဝါးများကို ယခုထက် ပိုမိုတိုးမြှင့်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရန် မှာကြားပြီး ဝန်ထမ်းများ ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

 

mdn