နေပြည်တော် ဒီဇင်ဘာ ၅
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်ဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကျင်းပမည့် ဇမ္ဗူသီရိ မြို့နယ်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသရောင်းချရန် ပြင်ဆင်နေမှု၊ ပုဗ္ဗသီရိမြို့နယ်ရှိ တည်းခိုရေးစခန်း (ရွာတော်) တွင် ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသရောင်းချ နေမှုအခြေအနေကို လှည့်လည်အားပေးကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ လိုက်လံရှင်းလင်းပြသသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယခုအားကစားပွဲတွင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်၍ မိမိထုတ်ကုန်များ၏ ကောင်းမွန်သည့် အချက်အလက်များကို နိုင်ငံအနှံ့လွယ်လင့်တကူပြန့်နှံ့ ရောက်ရှိသွားမည်ဖြစ်၍ ရရှိသည့်အခွင့်အရေးများကို ပိုင်နိုင်စွာရယူနိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း။
လုပ်ငန်းရှင်များအနေဖြင့်လည်း လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း တွေ့ကြုံနေရသည့် အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်း၊ ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးတိုးတက် ကောင်းမွန်စေရေးအတွက် သုတေသနလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းများသည် ဈေးကွက်ရှိမှသာ စဉ်ဆက်မပြတ် ရပ်တည်လည်ပတ်နိုင်မည်ဖြစ်၍ ဈေးကွက်သုတေသန လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ်ဆောင်ရွက်ရန်နှင့် ဈေးကွက်လိုအပ်ချက်အတိုင်း ထုတ်လုပ်ပေးနိုင်ရေး စီမံဆောင်ရွက် ထားရှိရမည်ဖြစ်ကြောင်း မှာကြားသည်။
ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော် ကျင်းပမည့် ဝဏ္ဏသိဒ္ဓိအားကစားကွင်းတွင် ပြခန်း(၄၈)ခန်း၊ တည်းခိုရေးစခန်း (ရွာတော်) တွင် ပြခန်း (၂၆) ခန်း၊ စုစုပေါင်းပြခန်း (၇၄) ခန်းတို့တွင် ပြည်ထောင်စုနယ်မြေ (နေပြည်တော်) အတွင်းရှိ MSME များမှ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းအမယ် (၄၅၀)ကျော်ကို ခင်းကျင်းပြသ ရောင်းချလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
![](/sites/default/files/2024-12/1_12.jpg)