ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပြည်ထောင်စုနယ်မြေ (နေပြည်တော်ကောင်စီ) အတွင်းရှိ ဆီစက်များကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၇

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် ယနေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်ရှိ  ဦးစိုးသန်း၏ တောင်တွင်းဆီစက်၊ ဦးမောင်မောင်ဦး၏ အောင်သမာဓိဆီစက်၊ ဦးနိုင်ဝင်း ၏ ကန်လှဆီစက်၊ အေလာရှိ ဦးအေးထွန်း၏ ပြည်လုံးချမ်းသာဆီစက်၊ ပျဉ်းမနားမြို့နယ်ရှိ ဦးခင်မောင်ဝင်း ၏ ရွှေပြည်စိုးဆီစက်၊ ဦးလှထွန်း၏ ရွှေလိပ်ပြာဆီစက်တို့ကို လှည့်လည်အားပေးကြည့်ရှုသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေး၊ မွေးမြူးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနအနေဖြင့် ဆီထွက်သီးနှံများကို ဇုန်များသတ်မှတ်ပြီး စိုက်ပျိုး၍ ပန်းတိုင်အထွက်နှုန်းအတိုင်း ထွက်ရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာနအနေဖြင့်လည်း ထွက်ရှိလာသည့် ဆီထွက်သီးနှံများကို သက်ဆိုင်ရာလုပ်ငန်း ရှင်များက အပြည့်အဝ ကြိတ်ခွဲ၍ စားသုံးဆီများ ထုတ်လုပ် နိုင်ရေးအတွက် ဆီစက် လုပ်ငန်းရှင်များ၏ လိုအပ်သည်များကို ကူညီဖြည့်ဆည်း စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

စားသုံး ဆီထုတ်လုပ်မှုလုပ်ငန်းများကို ကောင်းမွန်သည့် ထုတ်လုပ်မှုကျင့်စဉ်များ နှင့်အညီ ထုတ်လုပ်မှသာ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေး ကောင်းမွန်သော စားသုံးဆီများရရှိမည်ဖြစ်၍ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊  ဆီစက်လုပ်ငန်းရှင်များအနေဖြင့် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီတို့တွင် ပါဝင်သည့် ရုပ်ပိုင်းနှင့်ဓာတုဆိုင်ရာ ဂုဏ်သတ္တိများကို သိရှိအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေမှ ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း၊ ဆီစက် လုပ်ငန်းရှင်များနေဖြင့် စားသုံးဆီတိုးတက်ထွက်ရှိရေး၊ စီးပွားရေးတွက်ခြေကိုက်မှုရှိစေရေးနှင့် ကြိတ်ဖတ်များအား တိရစ္ဆာန် အစာအဖြစ်အသုံးပြုရာတွင် အကျိုးရှိစေရေးတို့အတွက်  ကြိတ်ဖတ်များတွင် ဆီကျန်ရှိမှု လျော့နည်းအောင် ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုနယ်မြေ(နေပြည်တော်ကောင်စီ) စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသို့ ရောက်ရှိ၍ အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများ နှင့် တွေ့ဆုံသည်။

တွေဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နေပြည်တော်ကောင်စီအတွင်းရှိ မှတ်ပုံတင်ထားရှိသည့် ဆီစက်လုပ်ငန်းများနှင့် မြေပြင်ရှိစာရင်းများ ကိုက်ညီမှုရှိ/မရှိ စစ်ဆေးရမည်ဖြစ်ကြောင်း၊ စက်မှုလုပ်ငန်းများ စနစ်တကျ ရှိစေရေးအတွက် စစ်ဆေးကြပ်မတ်သူများ အနေဖြင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး၊ ကျန်းမာရေးနှင့်ညီညွှတ်သည့် ထုတ်ကုန်များ ထုတ်လုပ်ရေး၊ ပတ်ဝန်ကျင်ထိခိုက်မှုမရှိစေရေးတို့အတွက် အလေးထားစစ်ဆေးပေး ရမည်ဖြစ်ကြောင်း၊ MSME များဖွံ့ဖြိုးတိုး တက်ရေးအတွက်  ဆောင်ရွက်မည့် အစီအမံများ ကိုလည်း ကြိုတင်ရေးဆွဲ ဆောင်ရွက်ထားရ မည်ဖြစ် ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ဆီစက်များ၏ စက်မှုပိုင်းဆိုင်ရာ အချက်အလက် များ ကိုလည်း ပြည့်စုံမှန်ကန်အောင် ပြုစုထားရမည်ဖြစ်ကြောင်း၊ အရည်အသွေး ကောင်းမွန် သည့် စားသုံးဆီများ ထုတ်လုပ်နိုင်ရေးအတွက် ထုတ်လုပ်ရမည့် နည်းစဉ်များကိုလည်း လေ့လာ၍ လုပ် ငန်းရှင်များသို့ ဖြန့်ဝေပေးရမည်ဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီအတွင်းမှ ထွက်ရှိသည့် ဆီထွက် သီးနှံများကို အပြည့်အဝ ကြိတ်ခွဲနိုင်ရေးအတွက် ဆီစက်လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်း၍ ပူးပေါင်း ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်