နေပြည်တော်၊ ဩဂုတ် ၃၁
စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ အပြည်ပြည်ဆိုင်ရာဗုဒ္ဓတက္ကသိုလ်သို့ သွားရောက်၍ ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တဆေကိန္ဒအား ဖူးမြှော်ကြည်ညို၍ ရန်ကုန်တိုင်းဒေသကြီးတွင် တာဝန်ထမ်းဆောင်နေသော စက်မှုဝန်ကြီးဌာန၊ ဝန်ထမ်းများနှင့် မိသားစုများမှ လှူဒါန်းသည့် သင်္ကန်း ပရိက္ခရာများ၊ ဆေးဝါးများနှင့် လှူဖွယ်ပစ္စည်းများကို ဆပ်ကပ်လှူဒါန်းသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စက်မှုဝန်ကြီးဌာနမှ Wingo Technology Myanmar Co.,Ltd. သို့ငှားရမ်းထားသည့် လှိုင်မြို့နယ်ရှိ ရာဘာပစ္စည်းစက်ရုံခွဲ (ရွှေဟင်္သာ) သို့ ရောက်ရှိပြီး ဆေးဝါးများ၊ စားသောက်ကုန်ပစ္စည်းများနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးဆေးများ ထုပ်ပိုးမည့် ပလတ်စတစ်ဘူးခွံ့အမျိုးမျိုး ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် စက်ရုံအစည်းအဝေးခန်းမ၌ အမှတ် (၂) အကြီးစားစက်မှုလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ စက်ရုံတာဝန်ခံနှင့် စက်ရုံဌားရမ်းကုမ္ပဏီမှ လုပ်ငန်းရှင်များကိုတွေ့ဆုံ၍ လုပ်ငန်းများတိုးတက်အောင် ဆောင်ရွက်နိုင်ရန်နှင့် လုပ်ငန်းများဆောင်ရွက်နေစဉ် ကြုံတွေ့ရသည့် အခက်အခဲများရှိပါက ကူညီဖြေရှင်း ဆောင်ရွက်ပေးနိုင်ရေးအတွက် လာရောက်ခြင်းဖြစ်ကြောင်း၊ စက်ရုံ၌ တပ်ဆင်ထားရှိသည့် စက်ပစ္စည်းများ၏ စက်စွမ်းအားပြည့် လည်ပတ်ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုယန္တရားရှိမှသာ ဈေးကွက်ရှိပြီး ပြည်သူများ လွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် ပြည်ပမှ တင်သွင်းရမှု လျော့ချနိုင်မည်ဖြစ်ကြောင်း၊ ထုတ်လုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်း၊ စွန့်ပစ်ပလတ်စတစ် ပစ္စည်းများကို ပြန်လည်အသုံးပြုပြီး လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လုပ်ငန်းများကို ဆန်းသစ်တီထွင်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံငှားရမ်း ကုမ္ပဏီအနေဖြင့် ဝန်ထမ်းများ၏ လူမှုတာဝန်သိ လုပ်ငန်းများ (CSR) ကို ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မှာကြားပြီး ဝန်ထမ်းများနှင့် လုပ်ငန်းရှင်များ၏ တင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


