နေပြည်တော်၊ ဇန်နဝါရီ  ၃၀

 

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ဇန်နဝါရီ (၂၉) ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ ကုန်ထုတ်စက္ကူစက်ရုံ၌ စတားစန္ဒာကုမ္ပဏီ၏ အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်နေမှု လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်မှုဝန်ကြီးဌာနနှင့် Korea Apparel Testing and Research Institute (KATRI) တို့ပူးပေါင်း၍ မြန်မာနိုင်ငံ၏ အထည်အလိပ်၊ အဝတ်အထည်ဆိုင်ရာ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် Joint Venture (JV) အဖြစ် ဖက်စပ်အကျိုးတူပူးပေါင်း၍ နိုင်ငံတကာ အဆင့်မီ အထည်အလိပ်နှင့် အဝတ်အထည်စမ်းသပ်ခြင်း၊ စစ်ဆေးခြင်းနှင့် အရည်အသွေး ထောက်ခံချက် လက်မှတ်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်မည့် ချည်မျှင်နှင့်အထည် ထုတ်လုပ်မှုနည်းပညာ ဖွံ့ဖြိုးရေးဌာနသို့ ရောက်ရှိပြီး ဓာတ်ခွဲခန်း အဆောက်အဦ တည်ဆောက်ပြီးစီးမှုနှင့် အထည်အလိပ်နှင့်ပတ်သက်၍ စမ်းသပ် စစ်ဆေးမည့် စက်ကိရိယာများ ရောက်ရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး စစ်ဆေးမည့် နည်းစဉ်အဆင့်ဆင့်ကို ရေးဆွဲသတ်မှတ်ထားရန်နှင့် နိုင်ငံတကာအဆင့်မီ စစ်ဆေးစမ်းသပ်နိုင်ရေးအတွက် ဝန်ထမ်းများကို ကြိုတင်လေ့ကျင့် သင်ကြားပေးရန်နှင့် လုပ်ငန်းခွင်အတွင်း ပတ်ဝန်းကျင်ကောင်း ဖြစ်အောင် စီမံဆောင်ရွက်ပေးရန် မှာကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ် (၉) အထည်စက်ရုံခွဲ (အင်းစိန်) ၌  ပါးစပ် နှင့် နှာခေါင်းစည်းများ ထုတ်လုပ်နေမှုကိုလည်းကောင်း၊ United Pacific Co., Ltd. ၏ OKI ဆပ်ပြာမှုန့်နှင့် ဆပ်ပြာခရင် (မ်) များ ထုတ်လုပ်နေမှုကိုလည်းကောင်း လှည့်လည်အားပေး ကြည့်ရှုစစ်ဆေးပြီး နိုင်ငံပိုင်အဆောက်အဦ၊ မြေနေရာနှင့် စက်ပစ္စည်းများကို အကျိုးရှိ ထိရောက်စွာ အသုံးပြုရမည်ဖြစ်ကြောင်း၊ လူနေထူထပ်သည့် မြို့ပြဧရိယာ အတွင်းရှိ စက်ရုံများအနေဖြင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် အလေးထားဆောင်ရွက်ရန် လိုကြောင်း၊ လက်ရှိလုပ်ကိုင်ဆောင်ရွက်နေသည လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်တွင်း လိုအပ်ချက်ကို ပိုမိုဖြည့်ဆည်းပေးနိုင်ရေးအတွက် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကို တိုးမြှင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

 

mdn

 

ပြည်ထောင်စုဝန်ကြီးသည် ယနေ့ နံနက်ပိုင်းတွင် လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်း စက်မှုဇုန်ရှိ Go Excellent (Myanmar) Co., Ltd. နှင့် ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန်ရှိ Myanmar ArrThit Man Motor Co., Ltd. တို့၏ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်နေမှု၊ မော်တော်ယာဉ်များ၏ ကြံ့ခိုင်မှုကို အထောက်အကူပြု စက်ပစ္စည်းကိရိယာများဖြင့် စမ်းသပ်နေမှု၊ တပ်ဆင်ထုတ်လုပ်ပြီးမော်တော်ယာဉ်များကို သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေးအတွက် လမ်းအနေအထား အမျိုးမျိုးပေါ်တွင် စမ်းသပ်မောင်းနှင်မှု၊ ယာဉ်များ၏ ကြံ့ခိုင်မှုကောင်း/မကောင်းကို ပုံစံ အမျိုးမျိုးနှင့် မြန်နှုန်းမြင့် စမ်းသပ်မောင်းနှင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အရည်အသွေး အာမခံရှိသောပစ္စည်းများ ထုတ်လုပ်နိုင်ရေးအတွက် အရည်အသွေး အာမခံသည့်စနစ် ထူထောင်ထားရမည် ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ ကျွမ်းကျင်မှုများအလိုက် အသိအမှတ်ပြု လက်မှတ်များ ရရှိအောင် စီမံပေးရမည်ဖြစ်ကြောင်း၊  သုံးစွဲသူပြည်သူများ ဘေးအန္တရာယ် မဖြစ်ပွားစေရေး အလေးထား ဆောင်ရွက်ရန်၊ ပြည်ပမှတင်သွင်းသည့် အစိတ်အပိုင်းများကို ပြည်တွင်း၌ တပ်ဆင်ထုတ်လုပ်နေရုံဖြင့် ကျေနပ်မနေဘဲ အစိတ်အပိုင်းများ ထုတ်လုပ်နိုင်ရေးနှင့် နည်းပညာများရရှိအောင် ကြိုးစားဆောင်ရွက်ရန်၊ စစ်ဆေးရေးအဖွဲ့များအနေဖြင့် သတ်မှတ်ထားသည့် Check List များအတိုင်း တိတိကျကျစစ်ဆေးရန် မှာကြားကာ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်နေမှု လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

 

mdn