နေပြည်တော်  အောက်တိုဘာ ၂၇        

 

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် အင်းစိန်မြို့နယ်ရှိ သုတေသနဌာနသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ မြန်မာ့ဆေးဝါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဆေးဝါးစက်ရုံများ၏ ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေးနှင့် MSME များကို အထောက်အကူပြုနိုင်ရန် ကြိုးစားဆောင်ရွက်ရန်၊ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသောက်နိုင်ရေးအတွက် စားသောက်ကုန် ပစ္စည်းများကို သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ စစ်ဆေးကြပ်မတ်ပေးရန်၊ ဝန်ထမ်းများ၏ အတတ်ပညာများနှင့် ကျွမ်းကျင်မှုများကို ထိရောက်အကျိုးရှိစွာ အသုံးပြုနိုင်ရေး စီမံ ဆောင်ရွက်ရန်၊ ကောင်းမွန်သည့် ဓာတ်ခွဲခန်း ကျင့်စဉ်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ဝန်ထမ်း များ၏ ကျွမ်းကျင်မှု အဆင့်များကို တိုးမြှင့်ပေးရန်နှင့် ပြည်သူများအတွက် လိုအပ်သော ဆေးဝါး အမယ်သစ်များ ထုတ်လုပ်နိုင်ရေးအတွက် သုတေသနလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် မှာကြားသည်။

 

ထို့နောက် မူလဓာတ်ခွဲခန်းအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ဆောင်မှုလုပ်ငန်းများ အမြန်ဆုံး စတင်နိုင်ရေး ဝန်ထမ်းများကို သင်တန်းများ ဖွင့်လှစ်လေ့ကျင့်သင်ကြားပေးရန်၊ ဘေးကင်းလုံခြုံရေး၊ ဓာတ်ခွဲခန်း ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေးတို့အတွက် အလေးထားစီမံဆောင်ရွက်ရန်၊ နိုင်ငံတကာ အသိအမှတ်ပြု လက်မှတ်များရရှိရေး စီမံဆောင်ရွက်ရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

 

ယင်းနောက် ဆေးဝါးစက်ရုံ (အင်းစိန်)သို့ရောက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာနမှ မှာယူထားသည့် ဆေးပြားများ အချိန်မီပေးပို့နိုင်ရေးအတွက် ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ ကြွေရည် စိမ်ပစ္စည်းစက်ရုံ(လှိုင်)သို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဈေးကွက်နှင့်ကိုက်ညီသည့် ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ရန်၊ စက်ရုံမှထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေး တိုးတက်ကောင်းမွန်စေရေး သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်ရန်၊ ပုဂ္ဂလိက စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်၊ ပြည်သူများအတွက် လိုအပ်သော ကုန်ပစ္စည်းများ ထုတ်လုပ်ရန်၊ ပြည်ပသွင်းကုန် အစားထိုး ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြား၍ စက်ရုံ အတွင်း ရော်ဘာအခြေပြု ဖိနပ်အမျိုးမျိုး ထုတ်လုပ်နေသည့် လုပ်ငန်းစဉ် အဆင့်ဆင့်ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

(သတင်းစဉ်)