နေပြည်တော်   မတ်  ၂၃

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်ရှိ အမှတ် (၂၄) အကြီးစားစက်ရုံ (ဒဂုံ) သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ထို့သို့ စစ်ဆေးစဉ် စက်ရုံမှူးက စက်ရုံဆိုင်ရာ အချက်အလက်များနှင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ လျှပ်စစ်လိုအပ်ချက်များကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးနိုင်ရန် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများဖိတ်ခေါ်၍ ဆိုလာများ ဆက်လက်ထုတ်လုပ်နိုင်ရေး ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနပိုင် ပုံသေပိုင်ပစ္စည်းများကို အကျိုးရှိအောင် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြောင်းလဲတိုးတက်နေသည့် နည်းပညာများရရှိရေးအတွက် စဉ်ဆက်မပြတ် လေ့လာသင်ယူနေရမည်ဖြစ်ကြောင်း၊ စက်ရုံတာဝန်ရှိသူများအနေဖြင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားတိုးတက်စေရေးအတွက် အစီအမံများ ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားပြီးဆိုလာများ ထုတ်လုပ်သည့်လုပ်ငန်းစဉ် အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လှိုင်မြို့နယ်ရှိ  ရွှေကသာ ကုမ္ပဏီလီမိတက်သို့ ငှားရမ်းထားသည့် အီလက်ထရောနစ်ပစ္စည်းနှင့် လျှပ်စစ်မော်တာစက်ရုံသို့ ရောက်ရှိပြီး ဆိုလာပြားများ တပ်ဆင်ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်ကို ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် စက်ရုံအစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံရာတွင်  ပြည်ထောင်စုဝန်ကြီးက ဆိုလာများအား နေအိမ်သုံးအပြင် စက်မှုလုပ်ငန်းများပါ တပ်ဆင်အသုံးပြုလျက်ရှိသည့်အတွက် ထုတ်ကုန်ပစ္စည်းများနှင့်ပတ်သက်၍ ပြည်သူများ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန်နှင့် စွမ်းဆောင်ရည်ပြည့် အသုံးပြုနိုင်ရန် စက်ရုံ၌ အရည်အသွေး အာမခံသည့် စနစ်များ ထူထောင်ထားရှိရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်သည့် လုပ်ငန်းစဉ် အဆင့်ဆင့်တွင်လည်း အရည်အသွေးကို စနစ်တကျ စစ်ဆေးရမည်ဖြစ်ကြောင်း၊ ဈေးကွက်ဝယ်လိုအား များပြားနေသည့် ဆိုလာများအား တိုးမြှင့်ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများသည် ဈေးကွက်ရှိမှသာ ရေရှည်ရပ်တည် လည်ပတ်နိုင်မည်ဖြစ်သည့်အတွက် ဈေးကွက်ကို မျက်ခြေမပြတ် လေ့လာစောင့်ကြည်ပြီး ဈေးကွက်သုတေသန လုပ်ငန်းများကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်းမှာကြားပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်