နေပြည်တော် ဖေဖော်ဝါရီ ၂၃
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်ရှိ စက်မှုဝန်ကြီးဌာနမှ BOT စနစ်ဖြင့် ငှားရမ်း၍ ခွဲစိတ်ခန်းသုံးပစ္စည်းများနှင့် သွားဘက်ဆိုင်ရာရောဂါများ ကုသရာတွင် အသုံးပြုသည့်အပ်များ ထုတ်လုပ်နေသည့်စက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံက လုပ်ငန်းလည်ပတ်အကောင်အ ထည်ဖော်ဆောင်ရွက်နေမှု၊ ဈေးကွက်ရရှိမှုအခြေအနေ၊ စက်ရုံအောင်မြင်စွာ လည်ပတ် နိုင်ရေးအတွက် စီမံခန့်ခွဲမှုစနစ်တို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ခွဲစိတ်ခန်းသုံးနှင့် သွားဘက်ဆိုင်ရာရောဂါများ ကုသရာတွင် အသုံးပြုသည့်အပ်များကို သုံးစွဲသည့်သူများ လုံခြုံစိတ်ချရသည့် ပစ္စည်းများဖြစ် အောင် နိုင်ငံတကာ စံချိန်စံညွှန်းများကို တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံအနေဖြင့် ရရှိပြီးသည့် ISO အသိအမှတ်ပြုလက်မှတ်ပါ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စက်ရုံစီမံခန့်ခွဲမှုစနစ်များကိုလည်း အခြား စက်ရုံများလိုက်ပါ ဆောင်ရွက်နိုင်ရေး နည်းပညာများ ဖြန့်ဝေပေးစေလိုကြောင်း၊ ဒေသခံပြည် သူများ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတိုး မြှင့်ဆောင်ရွက်နိုင်ရေးတို့အတွက် လုပ်ငန်းများချဲ့ထွင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ် ကြောင်း မှာကြားပြီး ခွဲစိတ်ခန်းသုံးပစ္စည်းများနှင့် သွားဘက်ဆိုင်ရာရောဂါများ ကုသရာတွင် အသုံးပြုသည့်အပ်များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို လှည့်လည်အားပေး ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာနခွဲ (မှော်ဘီ)၌ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရာတွင် အသုံးပြုရန်လိုအပ်သည့် ဆေးဝါးသုံးမြင်းများ မွေးမြူထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ရောဂါဘယကင်းစင်၍ သန်မာထွားကျိုင်း သည့်မြင်းများဖြစ်အောင် မွေးမြူရန်နှင့် မြင်းစာများကို သတ်မှတ်ထားသည့် နှုန်းထားအတိုင်း ကျွေးမွေးရန်၊ ဆေးဝါးသုံးမြင်းများကိုလည်း အပတ်စဉ် ကျန်းမာရေး စစ်ဆေးမှု လုပ်ငန်းများ ဆောင်ရွက်ပေးရန်၊ မြင်းမွေးမြူရေးခြံများ သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်ထားရှိရန် မှာကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် လှိုင်မြို့နယ်ရှိ အီလက်ထရောနစ်ပစ္စည်းနှင့် လျှပ်စစ်မော်တာထုတ်လုပ်ရေး အလုပ်ရုံကို ရွှေကသာကုမ္ပဏီလီမိတက်က ငှားရမ်း၍ ဆိုလာ ပြားများထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး ဈေး ကွက်မှ တောင်းဆိုသည့်အတိုင်း ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားရန်၊ စက်ရုံမှထုတ်လုပ် သည့်ဆိုလာပြားများသည် ဈေးနှုန်းချိုသာပြီး အရည်သွေးကောင်းမွန်သည့် ပစ္စည်းများဖြစ် အောင် စီမံဆောင်ရွက်ရန် မှာကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အင်းစိန်မြို့နယ်ရှိ ဆေးဝါးစက်ရုံ (အင်းစိန်) သို့ ရောက်ရှိပြီး သွေးကြောသွင်းဆေးရည်များ ထုတ်လုပ်နေသည့် လုပ်ငန်းစဉ် အဆင့်ဆင့် တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်းလိုအပ်ချက်ကို ပိုမိုဖြည့်ဆည်း ပေးနိုင်ရေး အတွက် ထုတ်လုပ်မှုလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန်၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သော စက်အရန်ပစ္စည်းများကို ကြိုတင် ဖြည့်ဆည်းထားရန်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် လိုအပ်သော လူ့စွမ်းအား အရင်းအမြစ်များကိုလည်း လေ့ကျင့်သင်ကြားမွေးမြူထားရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်