နေပြည်တော် ဇန်နဝါရီ ၁၂
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ သုတေသနဌာနခွဲ (ပြင်ဦးလွင်) တွင် MSME လုပ်ငန်းများ၏ စားသောက်ကုန်များ၊ စက်မှုလုပ်ငန်းများမှ ထွက်ရှိသည့် စွန့်ပစ်ရေများကို စမ်းသပ်စစ်ဆေးပေးနိုင်ရန် ဓာတ်ခွဲခန်းဖွင့်လှစ်နိုင်ရေး ဆောင်ရွက်နေမှုကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ထိုသို့ စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဓာတ်ခွဲခန်းဖွင့်လှစ်မည့် အဆောက်အဦအား ကောင်းမွန်သော ဓာတ်ခွဲခန်းအလေ့အကျင့် (GLP) များနှင့်အညီ တိတိကျကျ လိုက်နာ အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ ဓာတ်ခွဲခန်းအား MSME များ ဖွံ့ဖြိုးတိုးတက်စေရေး အထောက်အကူဖြစ်စေရန်၊ ဓာတ်ခွဲခန်းအတွက် လိုအပ်သော စက်ပစ္စည်း ကိရိယာများအား အချိန်မီ ဖြည့်ဆည်းဆောင်ရွက်ပေးရန်တို့ကို မှာကြားခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့နယ်၊ ကံဦးစံပြကျေးရွာရှိ အသားခြောက်လုပ်ငန်းနှင့် အေးခဲသားများ ထုတ်လုပ်သည့် လုပ်ငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး နိုင်ငံတော်အနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်အောင် တွန်းအားပေး ဆောင်ရွက်လျက်ရှိသဖြင့် ထုတ်လုပ်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်ရွက်နေစဉ် တွေ့ကြုံရသည့် အခက်အခဲများရှိပါက ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးနိုင်ရေးအတွက် ပွင့်ပွင့်လင်းလင်း တင်ပြရန်၊ စားသောက်ကုန် ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်နေခြင်းဖြစ်၍ ကျန်းမာရေးနှင့် ညီညွတ်သည့် ထုတ်ကုန်များဖြစ်စေရေး အလေးထားဆောင်ရွက်ရန်၊ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်ရန် ဆွေးနွေးပြောကြားကာ လုပ်ငန်းရှင်များ၏ တင်ပြချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


