နေပြည်တော် စက်တင်ဘာ ၁
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းတို့သည် စက်မှုဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ ဆေးဝါးစက်ရုံ (အင်းစိန်)ဝန်းအတွင်း တည်ဆောက် ထားရှိသည့် ဆေးဝါးစက်ရုံ သမိုင်းပြခန်းသို့ သွားရောက်ကြည့်ရှု့ စစ်ဆေးသည်။
ဉီးစွာအစည်းအဝေးခန်းမ၌ ပြည်ထောင်စု ဝန်ကြီးဒေါက်တာချာလီသန်းက ကျန်းမာရေးဝန်ကြီးဌာနသည် စက်မှုဝန်ကြီးဌာန၏ ထုတ်ကုန်များကို အဓိကသုံးစွဲသူ (Main Customer)ဖြစ်သည့်အတွက် ဆေးဝါးစက်ရုံ (အင်းစိန်) သို့ အထူးဖိတ်ကြား၍ ဆေးဝါးစက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြသခြင်းဖြစ်ကြောင်း၊ ဆေးဝါးထုတ်လုပ်မှုသမိုင်းပြခန်း (BPI Pharmaceutical Museum) ဖွင့်လှစ်ခြင်းဖြင့် BPI ဆေးဝါးထုတ်လုပ်မှု သမိုင်းပြခန်းသို့ လေ့လာရေး လာရောက်ကြည့်ကြသည့် ပြည်သူများ၊ တက္ကသိုလ်မှ ကျောင်းသား/ကျောင်းသူများအား ဆေးဝါးများနှင့် ဆေးဝါးထုတ်လုပ် မှုဆိုင်ရာ အသိပညာ ဗဟုသုတများမျှဝေပေးနိုင်ခြင်းနှင့် သုတေသနလုပ်ငန်းများအတွက် အထောက် အကူပြုစေခြင်း၊ နိုင်ငံတော်၏ ကျန်းမာရေးစောင့်ရှောက်မှု အခန်းကဏ္ဍတွင် စက်ရုံ၏ကြီးမားသော အစဉ်အလာနှင့် ခေတ်အဆက်ဆက် တာဝန်ထမ်းဆောင်ခဲ့သော ပညာရှင်များ၏ ဆောင်ရွက်ခဲ့မှုများကို လက်ရှိဝန်ထမ်းများအနေဖြင့် ဂုဏ်ယူတန်ဖိုးထားစိတ်များ ပေါ်ပေါက်လာ၍ ဆေးဝါးထုတ်လုပ်မှု ကဏ္ဍတွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုဖြစ်ပေါ်စေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်ကြောင်း၊ BPI ဆေးဝါးထုတ်လုပ်မှု သမိုင်းပြခန်းအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန လက်အောက်ရှိ ဆေးဝါးတက္ကသိုလ်များအတွက် သုတေသနဆိုင်ရာ လေ့လာရေးပြခန်းတစ်ခု ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးက BPI ဆေးဝါး စက်ရုံသမိုင်းပြခန်း (BPI Pharmaceutical Museum) တည်ဆောက်ခဲ့မှုနှင့် မြွေဆိပ်ဖြေဆေးအေးခဲခြောက်စက် (Freeze Dryer Machine) တပ်ဆင် ဆောင်ရွက်ခဲ့မှုကို ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများကို ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် တစ်နိုင်ငံလုံး ဆေးဝါးနှင့် ဆက်စပ်ပစ္စည်း လိုအပ်ချက်၏ (၂၅)ရာခိုင်နှုန်းကို စက်မှုဝန်ကြီးဌာနမှ ဝယ်ယူအသုံးပြု လျက်ရှိကြောင်း၊ စက်မှုဝန်ကြီးဌာနမှ ထုတ်လုပ်သော ဆေးဝါးများသည် အရည်အသွေး ကောင်းမွန်သည့်အပြင် ဘေးအန္တရာယ် ကင်းရှင်းစွာ အသုံးပြုနိုင်၍ အဓိကဝယ်ယူသုံးစွဲလျက် ရှိကြောင်း၊ ဆေးဝါးစက်ရုံများမှ ခေတ်မီ၍ အာနိသင်ပြည့်ဝသည့် ဆေးဝါးများ ထုတ်လုပ် နိုင်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနရှိ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ အထူးကု ဆရာဝန်ကြီးများ၊ ဆေးရုံအုပ်ကြီး များနှင့်အတူ ဆက်လက် ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ပြခန်းအတွင်း၌ ယခင်က ပြည်သူလူထု အတွက် လိုအပ်သောဆေးဝါးများ ထုတ်လုပ်ခဲ့သည့် စက်ပစ္စည်းကိရိယာများ ခင်းကျင်းပြသထားမှု၊ မြွေဆိပ်ဖြေဆေးထုတ်လုပ်ရေးဌာန၊ ပဋိဇီဝထိုးဆေး ထုတ်လုပ်ရေးဌာန (CEP Plant) နှင့် ခေတ်မီသိုလှောင်ရုံ (ASRS Warehouse) တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်း နှစ်ပတ်လည် အခမ်းအနားကို ဆေးဝါးစက်ရုံ (အင်းစိန်)၌ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မြန်မာ့ ဆေးဝါးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်သည်။
အစီအစဉ်အရ ပြည်ထောင်စုဝန်ကြီးက ပြည်တွင်း ဆေးဝါးစက်ရုံများ ဖွံ့ဖြိုးတိုးတက်လာပါက ပြည်ပမှ သွင်းကုန်အစားထိုးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်စေခြင်းနှင့် နိုင်ငံခြားငွေသုံးစွဲမှု လျော့ကျစေခြင်းသာမက နိုင်ငံ၏ အသားတင်ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP)ကို မြှင့်တင်လာ မည်ဖြစ်ပြီး ဆေးဝါးစက်ရုံများအတွက် လိုအပ်သည့် ထုပ်ပိုးပစ္စည်းများကို အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်း (MSME)များမှ ထုတ်လုပ်ပေးခြင်းဖြင့် MSME များလည်းဖွံ့ဖြိုးတိုးတက် လာမည်ဟုယုံကြည်ကြောင်း၊ နိုင်ငံတော်အတွက် လိုအပ်နေသော ဆေးဝါးများဖူလုံစေရေး (Drug Security) အတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်း၊ ဥက္ကဋ္ဌက အသင်း၏ လုပ်ငန်းတာဝန်၊ အသင်းဝင်စက်ရုံများအနေဖြင့် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းဆောင်ရွက် ပေးနေမှု၊ အသင်းဝင်စက်ရုံများအချင်းချင်း လိုအပ်ချက်များကို အပြန်အလှန်ဖြည့်ဆည်းပေးနေမှု၊ နည်းပညာ ဖလှယ်နိုင်ရေးအတွက် ဆွေးနွေးပွဲများ ကျင်းပဆောင်ရွက် နေမှုတို့ကိုလည်းကောင်း၊ အသင်းဝင်စက်ရုံများ၏ တာဝန်ရှိသူများက လုပ်ငန်းလည်ပတ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေတို့ကို လည်းကောင်း ဆွေးနွေးကြသည်။
ထို့နောက် မြန်မာနိုင်ငံဆေးဝါးနှင့် ဆေးပစ္စည်းထုတ်လုပ်သူများအသင်း၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ် လုပ်ငန်းအကောင်အထည်ဖော်မှု အစီရင်ခံစာကို အသင်း၏ဘဏ္ဍာရေးမှူးက ဖတ်ကြားခြင်း၊ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများအား တက်ရောက်လာသူများက အသေးစိတ် ဆွေးနွေး၍ ဆုံးဖြတ်ချက်ချမှတ်ခြင်းများဆောင်ရွက်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သုတေသနဌာနဝန်းအတွင်း တည်ဆောက်ထားရှိသည့် မူလဓာတ်ခွဲခန်းသို့ရောက်ရှိပြီး မူလဓာတ်ခွဲခန်းတွင် စက်များတပ်ဆင်ပြီးစီ မှုနှင့် တပ်ဆင်ရန် ကျန်ရှိနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သုတေသနဌာနသို့ ရောက်ရှိပြီး သုတေသန လုပ်ငန်းများကို အစီအမံများ ချမှတ်ဆောင်ရွက်ရန်၊ MSME ထုတ်ကုန်များနှင့်ပတ်သက်၍ လိုအပ်ချက်များနှင့် အကြံဉာဏ်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ ဆေးဝါးစက်ရုံများ အနေဖြင့် အစွမ်းထက်ဆေးဝါးများ ထုတ်လုပ်နိုင်ရေးအတွက် ဆေးဝါးသုတေသနလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ရန် လမ်းညွှန်မှုပြုထားသဖြင့် အလေးထားလိုက်နာဆောင်ရွက်သွားရန်မှာကြားသည်။
(သတင်းစဉ်)