နေပြည်တော် ဖေဖော်ဝါရီ ၂၁

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီနာယက၊ စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် တို့သည် စပိန်နိုင်ငံ၊ မဒရစ်မြို့တွင်  ဖေဖော်ဝါရီ (၂၈)ရက် မှ မတ်(၄)ရက်အထိ ကျင်းပမည့် World Federation of Engineering Organizations Executive Committee Meeting, Madrid Conference and World Engineering Day 2023 Ceremony များသို့ တက်ရောက်မည့် မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မြတ် ဦးဆောင်သော မြန်မာအင်ဂျင်နီယာကိုယ်စားလှယ် အဖွဲ့ကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန၊  ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒေါက်တာအောင်ကျော်မြတ် မှ သွား ရောက်မည့် ခရီးစဉ်၊ ပါဝင်တက်ရောက်မည့် အစည်းအဝေးအစီအစဉ်များနှင့် ညီလာခံဆိုင်ရာကိစ္စများကို ရှင်းလင်းတင်ပြသည်။

ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ကြီး (UNESCO)၏ အင်ဂျင်နီယာ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကမ္ဘာ့အင်ဂျင်နီယာ အဖွဲ့ချုပ် (WFEO) တွင် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီက နိုင်ငံအဆင့်ကိုယ်စားပြု ပါဝင်ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့အင်ဂျင်နီယာအဖွဲ့ချုပ်၏ ကော်မတီတစ်ခုဖြစ်သော အင်ဂျင်နီယာ ပညာရေးကော်မတီ အတွင်းရေးမှူးအဖွဲ့ကို မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက အိမ်ရှင်အဖွဲ့အစည်းအဖြစ် လက်ခံဆောင်ရွက်ပေးနေသည်ဟု သိရသည်။ 
အဆိုပါတွေ့ဆုံပွဲသို့ စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ မြန်မာအင်ဂျင်နီယာကောင်စီမှ ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ကြသည်။

မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံရှိ သံသတ္တုရိုင်းထွက်ရှိရာ ဒေသများနှင့်အသုံးပြုနိုင်မည့် သံနှင့်သံမဏိထုတ်လုပ်သည့် နည်းစဉ်များ အလုပ်ရုံဆွေးနွေးပွဲကို  အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ စက်မှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ပါမောက္ခချုပ်နှင့် ပါမောက္ခများ၊ စက်မှုဝန်ကြီးဌာနမှတာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရှိ သံသတ္တု ရိုင်းထွက်ရှိရာဒေသများနှင့် အသုံးပြုနိုင်သည့် သံနှင့်သံမဏိထုတ်လုပ်သည့် နည်းစဉ်များ နှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်ရန် ယခုအလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ် ကြောင်း၊ မြန်မာနိုင်ငံ၏ သံနှင့်သံမဏိ ထုတ်လုပ်မှုလုပ်ငန်းတွင် နိုင်ငံပိုင်အနေဖြင့်  ကာကွယ်ရေးဝန်ကြီးဌာနတွင် စက်ရုံ(၁)ရုံ၊ စက်မှုဝန်ကြီးဌာနတွင် စက်ရုံ(၂)ရုံ၊ မြန်မာ့ စီးပွားရေးကော်ပိုရေးရှင်းတွင် စက်ရုံ(၃)ရုံနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန တွင် မှတ်ပုံတင်ထားသည့် ပုဂ္ဂလိက သံရည်ကျိုလုပ်ငန်းပေါင်း (၃၆၂)ခုဖြင့် မြန်မာနိုင်ငံ၏ သံနှင့်သံမဏိ ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာ နိုင်ငံ၏ သံနှင့်သံမဏိ လိုအပ်ချက်သည် နှစ်စဉ်တန်ချိန် (၂.၅)သန်းမှ (၃)သန်းခန့်ရှိပြီး ပြည်တွင်းထုတ်လုပ်မှုသည် တစ်နှစ်လျှင် ပျမ်းမျှတန်ချိန်(၁)သန်းခန့်သာ ထုတ်လုပ်နိုင် သည့်အတွက် လိုအပ်သော တန်ချိန် (၂)သန်းခန့်ကို  နှစ်စဉ်ပြည်ပမှ တင်သွင်းနေရ၍ နိုင်ငံခြားငွေ (၁)ဘီလီယံကျော်ခန့် သုံးစွဲနေရကြောင်း၊ နိုင်ငံအတွင်း၌ သံပါဝင်မှုမြင့်မားသည့် သတ္တုသိုက်များ များစွာရှိ၍ သံနှင့်သံမဏိများကို ပြည်တွင်းဖူလုံအောင် ထုတ်လုပ်နိုင်ရေး ကြိုးစားရမည်ဖြစ်ကြောင်း၊ သို့မှသာ သံနှင့်သံမဏိထုတ်လုပ်သည့် နည်းပညာများ တိုးတက်လာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် သံနှင့်သံမဏိ ထုတ်လုပ်သည့် လုပ်ငန်းများသည် အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် များစွာနောက်ကျ လျက်ရှိကြောင်း၊ သံ၊ သံမဏိနှင့်ပတ်သက်သည့် မူဝါဒများ ရေးဆွဲပြဋ္ဌာန်းမှသာ ပြည်တွင်း၌ ထုတ်လုပ်သည့် သံနှင့်သံမဏိများ၊ ပြည်ပမှတင်သွင်းလာသည့် သံနှင့်သံမဏိများအား အရည်အသွေး စစ်ဆေးကြီးကြပ်နိုင်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံရှိ သံထွက်ရှိရာဒေသများ၊ သံသတ္တုရိုင်းအတွင်း သံပါဝင်မှုအပေါ်မူတည်၍ အသုံးပြုနိုင်သည့် နည်းစဉ်များ၊ လိုအပ်သည့်ဆက်စပ် စက်မှုကုန်ကြမ်းတွင်းထွက်များ ရရှိနိုင်မှုနှင့် စွမ်းအင်နှင့်လောင်စာ ပံ့ပိုးပေးနိုင်မှုအပေါ် မူတည်၍ ကျွမ်းကျင်ပညာရှင်များနှင့် တွေ့ဆုံဆွေးနွေးကာ အကောင်းဆုံးနည်းလမ်းများကို ရွေးချယ် အသုံးပြုနိုင်မည့်  Plan များ ရေးဆွဲသွားရမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ အမှတ်(၁)အကြီးစားစက်မှုလုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးကျော်မင်းအောင်က မြန်မာနိုင်ငံ၏ သံသတ္တုရိုင်းထွက်ရှိရာဒေသများနှင့် အသုံးပြုနိုင် သည့် သံနှင့်သံမဏိထုတ်လုပ်မှုနည်းစဉ်များနှင့်ပတ်သက်၍ တင်ပြဆွေးနွေးရာ တက်ရောက် လာသူများက အသီးသီးဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်