နေပြည်တော် နေပြည်တော် ၂၈
မြန်မာနိုင်ငံ “စီးပွားရေးပညာ နှစ် (၁၀၀)” ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့တွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ MICC II ၌ ကျင်းပခဲ့ပြီး မွန်းလွဲပိုင်း အစီအစဉ်များအဖြစ် Parallel Session ၃ ခုဖြင့် စာတမ်းဖတ်ပွဲများကို ဆက်လက် ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံ ခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော် တက်ရောက်အားပေးသည်။
Parallel Session I တွင် “မြန်မာနိုင်ငံ၏ စီးပွားရေး ပညာ နှစ် (၁၀၀) ခရီး - ယခင်၊ ယခုနှင့် အနာဂတ် စီးပွားရေးအလားအလာ” ခေါင်းစဉ်၏အောက်တွင် စာတမ်းရှင် ၈ ဦးတို့က မြန်မာနိုင်ငံ တွင် စီးပွားရေးပညာ နှစ် ၁၀၀ အတွင်း ဖွံ့ဖြိုးမှု၊ လူဦးရေပြောင်းလဲမှုဖြစ်စဉ်နှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု၊ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် မူဝါဒချမှတ်သူများအတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ၊ ကျေးလက်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအပေါ် လေ့လာသုံးသပ် ခြင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးနှင့် ဖြောင့်မတ်တည်ကြည်မှု၊ ကိုလိုနီခေတ်မှ ပါလီမန်ခေတ် အထိ ဆောင်ရွက်ခဲ့သော မြန်မာ့သမယဝါယမစီမံကိန်း (၃) ခုကို လေ့လာခြင်း၊ နိုင်ငံတကာစံများ နှင့်အညီ စာရင်းစစ်ဆေးခြင်း၏ အကျိုးကျေးဇူးနှင့် စိန်ခေါ်မှုများ၊ မြန်မာနိုင်ငံ၏ အစိမ်းရောင် စီးပွားရေးဖော်ဆောင်နိုင်မည့် အလားအလာ၊ ရေရှည်ဖွံ့ဖြိုးတိုး တက်ရေး လူမှုရင်းနှီးမြှုပ်နှံပေး ခေါင်းစဉ်တို့ဖြင့်ဆွေးနွေးရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင် ဦးမောင်မောင်တင့် က သဘာပတိအဖြစ်လည်းကောင်း။
Parallel Session II တွင် “မျက်မှောက်ခေတ် ကမ္ဘာ့စီးပွားရေး အလားအလာနှင့်စိန်ခေါ်မှုများ” ခေါင်းစဉ်၏အောက်တွင် စာတမ်းရှင် ၁၁ ဦးတို့က “ပထဝီ နိုင်ငံရေးအားပြိုင်မှု၊ မိတ်ဖက်နိုင်ငံရေးနှင့် စီးပွားရေးစိန်ခေါ်မှုများကို နိုင်ငံရေးဘောဂဗေဒ ချဉ်းကပ်မှုဖြင့် ရင်ဆိုင်ကျော်လွှားခြင်း၊ ကမ္ဘာ့စီးပွားရေး စိန်ခေါ်မှုများအား ရင်ဆိုင်ဖြေရှင်းရန် ချဉ်းကပ်မှု နည်းလမ်းသစ်များ၊ နိုင်ငံတကာဖွံ့ဖြိုးမှု အကူအညီများနှင့် မြန်မာနိုင်ငံပေါ် အကျိုး သက်ရောက် မှုများကို လေ့လာဆန်းစစ်ခြင်း၊ မျက်မှောက်ခေတ် ကမ္ဘာ့စီးပွားရေး အလားအလာနှင့် စိန်ခေါ်မှုများ နှင့်ပတ်သက်၍ ရွှေ့ပြောင်းလုပ်သားနှင့် သက်ဆိုင်သည့်အပိုင်း၊ ပတ်လည်စီးပွား ရေး နှင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု၊ ရေရှည်တည်တံ့သည့် စွမ်းအင်အရင်း အမြစ်များ လုံလောက်စွာ ဖြည့် ဆည်းပေးနိုင်ရေးအပေါ် သက်ရောက်သည့် မြန်မာနိုင်ငံ၏ စွမ်းအင်သုံးစွဲမှုလိုအပ်ချက်၊ မျက်မှောက်ခေတ် ကမ္ဘာ့စီးပွားရေး အလားအလာနှင့် စိန်ခေါ်မှုများ၊ အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) အလားအလာနှင့် စိန်ခေါ်မှုများ၊ စာရင်းလုပ်ငန်း ဝန်ဆောင်မှုကဏ္ဍ ဖွံ့ဖြိုး တိုးတက် ရေးအတွက် အာဆီယံဒေသအတွင်း မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှု အခြေအနေ များနှင့် နောင်အနာဂတ်တွင် ပိုမိုတိုးတက်စေရေးအစီအမံများ၊ The Global Economic Landscape and Economic Opportunities and Challenges in Myanmar ၊ အသေးစား၊ အလတ်စား စီးပွားရေးဖွံ့ဖြိုးမှုနှင့် နိုင်ငံဖွံ့ဖြိုးမှု ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က သဘာပတိ အဖြစ် လည်းကောင်း။
Parallel Session III တွင် နိုင်ငံ၏ဖွံ့ဖြိုးမှုအတွက် အခြေခံအဆောက်အအုံ၏ အခန်း ကဏ္ဍ ခေါင်းစဉ်၏အောက်တွင် စာတမ်းရှင် ၇ ဦးတို့က မြန်မာနိုင်ငံတွင် ဘက်စုံပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း၊ ရေပေးဝေရေးနှင့် သန့်ရှင်းရေး အခြေခံအဆောက်အအုံနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူ့ အငှားအိမ်ရာ စီမံကိန်းများက ဝင်ငွေနည်းပြည်သူများ၏ လူမှုစီးပွားရေးကို မြှင့်တင်ပေးနိုင်မှုနှင့် တိုင်းပြည် ဖွံ့ဖြိုး ရေးကို အထောက်အကူပြုနိုင်မှုဆန်းစစ်ချက်စာတမ်း၊ နိုင်ငံ၏ဖွံ့ဖြိုးမှုအတွက် အခြေခံအ ဆောက်အအုံ၏ အခန်းကဏ္ဍ ၊ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အခန်းကဏ္ဍတွင် မြို့ပြအကျိုးပြု ဘူမိဗေဒမြေပုံရေးဆွဲခြင်း၏ အကျိုးကျေးဇူး၊ မြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု အခြေအနေကိုစိစစ်လေ့လာခြင်း(၂၀၁၃-၂၀၂၃) ၊ မြန်မာနိုင်ငံ၏ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု တွင် Logistics အခန်းကဏ္ဍမှ အထောက်အကူပြု စွမ်းဆောင်နိုင်မှုအခြေအနေအား ဆန်းစစ် လေ့လာခြင်း ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက သဘာပတိအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ကြပြီး ဒုတိယနေ့ စာတမ်းဖတ်ပွဲများအား နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းနှင့် မူဝါဒဆိုင်ရာ စုံညီစာ တမ်းဖတ်ပွဲကို မွန်းလွဲ ၂ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


