နေပြည်တော်၊ အောက်တိုဘာ ၁၄

 

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်သည် ယနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များအား နေပြည်တော်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးက မြန်မာနိုင်ငံ၏ လူမှု-စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် တရုတ်နိုင်ငံအစိုးရ အနေဖြင့် ပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရှေ့ဆက်ဆောင်ရွက်မည့် ပူးပေါင်း ဆောင်ရွက်မှု အစီအစဉ်များကို ဆွေးနွေးလိုပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးမှ တရုတ်နိုင်ငံမှပေးအပ်သည့် အကူအညီများဖြင့် ဆောင်ရွက်မည့် လူမှုစီးပွားရေးအစီအစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး တိုးမြှင့်မှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဆွေးနွေးသည်။

 

တွေ့ဆုံပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဌာနအရာရှိကြီးများ ပါဝင် တက်ရောက်ခဲ့ကြသည်။

(သတင်းစဉ်)