နေပြည်တော် ဖေဖော်ဝါရီ ၅ 

“ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး ဌာနတစ်ခုဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၏ အကဲဖြတ်နိုင်မှုစွမ်းဆောင်ရည်ကို မြှင့်တင်ခြင်း” အလုပ်ရုံ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီရုံး၊ ရုံးအမှတ် (၁)၌ Hybrid ပုံစံဖြင့် ကျင်းပသည်။ 

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က အလုပ်ရုံဆွေးနွေးပွဲ နှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနတစ်ခု၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်သည့် ကြီးကြပ်ခြင်းနှင့် စိစစ်အကဲဖြတ်ခြင်းအပိုင်းသည် အရေးကြီးကြောင်းနှင့် အာဆီယံ - ဂျပန် ဗဟိုဌာန၏ အကူအညီပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ အာဆီယံ - ဂျပန်ဗဟိုဌာနမှ Head of Bilateral Programme ဖြစ်သူ Mr. Phutsakhon SENGMANIPHON က အာဆီယံ - ဂျပန်ဗဟိုဌာန၏ အသိပညာ မျှဝေမှုများနှင့် နည်းပညာ ဖလှယ်မှုများမှတစ်ဆင့် အာဆီယံဒေသတွင်း ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး ဆောင်ရွက်ချက်များကို အထောက်အကူပြုလျက်ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လွယ်ကူချောမွေ့စေရေးဆိုင်ရာ ဝန်ဆောင်မှုပိုင်းနှင့် မူဝါဒပိုင်းဆိုင်ရာ ထိရောက်မှုရှိ‌စေရေး၌ ကြီးကြပ်ခြင်းနှင့် စိစစ်အကဲဖြတ်ခြင်းအပိုင်းသည် အဓိကကျကြောင်းနှင့် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆောင်ရွက်ချက်များတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲအတွင်း နိုင်ငံတကာကျွမ်းကျင်ပညာရှင် Ms. Premila Nazareth Satyanand က နိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်မည့် မဟာဗျူဟာများ၊ ကြီးကြပ်ခြင်းနှင့် စိစစ်အကဲဖြတ်ခြင်းလုပ်ငန်းစဉ်နှင့် နည်းလမ်းများ၏ အရေးပါပုံတို့ကို မျှဝေဆွေးနွေးသွားမည်ဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲမှ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးဌာနအဖြစ် ဆောင်ရွက်လျက်ရှိသည့် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် လွယ်ကူချောမွေ့စေရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအပေါ် ဝန်ထမ်းများအနေဖြင့် အကဲဖြတ်သုံးသပ်နိုင်မည့် စွမ်းဆောင်ရည်နှင့် ထိရောက်သည့်အကဲဖြတ်သုံးသပ်ခြင်းများ ဆောင်ရွက်ရာတွင် အဟန့်အတားဖြစ်နိုင်မည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို လေ့လာသိရှိနိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်သည်။

အလုပ်ရုံဆွေးနွေးပွဲသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အရာထမ်း၊ အမှုထမ်းများ၊ အာဆီယံ - ဂျပန် ဗဟိုဌာနမှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ  ၆ ရက်အထိ ၂ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်