နေပြည်တော် နိုဝင်ဘာ ၂၉

 

မြန်မာနိုင်ငံ “စီးပွားရေးပညာ နှစ် (၁၀၀)” ရာပြည့် အထိမ်းအမှတ် ဒုတိယနေ့ စာတမ်းဖတ်ပွဲများကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ MICC II ၌ ယနေ့နံနက်ပိုင်း တွင် Parallel Session ၃ ခုဖြင့် ကျင်းပပြီး မွန်းလွဲပိုင်းတွင် Plenary Session ကို ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်‌ထောင်စုဝန်ကြီး ဒေါက်တာကံဇော်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာ ခင်နိုင်ဦးတို့ တက်ရောက်အားပေးကြသည်။

 

စာတမ်းဖတ်ပွဲ Parallel Session IV တွင် လယ်ယာကဏ္ဍ ထုတ်လုပ်မှုနှင့် စားရေရိက္ခာ ဖူလုံကြွယ်ဝမှု ခေါင်းစဉ်၏အောက်တွင် စာတမ်းရှင် ၇ ဦးတို့က ရာသီဥတုဒဏ် ကြံ့ကြံ့ခံနိုင်ရေး နှင့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများကို မြှင့်တင်ခြင်းဖြင့် စားရေရိက္ခာဖူလုံစေရေး၊ မြန်မာနိုင်ငံ ဆန်စပါးထုတ်လုပ်မှုနှင့် စားသုံးမှုကို ပထဝီဝင်ရှုထောင့် မှလေ့လာခြင်းနှင့် ၂၀၅၀ ခုနှစ်အတွက် ဆန်ဖူလုံမှု အလားအလာ၊ စားရေရိက္ခာထုတ်လုပ်မှု၊ ဖူလုံမှုနှင့် စိန်ခေါ်မှုအခက်အခဲများနှင့် အခွင့်အလမ်းများ၊ ရာသီဥတုဖောက်ပြန်မှုကို တုံ့ပြန်ရန်နှင့် စားနပ်ရိက္ခာ ဖူလုံမှုအတွက် စပ်မျိုးစပါး လက်ခံကျင့်သုံးမှုနှင့် အလားအလာများ၊ စစ်ကိုင်းခရိုင်အတွင်း မြေပဲ၊ နှမ်း၊ နေကြာ စိုက်ပျိုးထုတ်လုပ်မှုနှင့် စားသုံးဆီဖူလုံမှု အခြေအနေကို လေ့လာဆန်းစစ်ခြင်း (၂၀၁၈-၂၀၁၉ ခုနှစ်မှ ၂၀၂၂-၂၀၂၃ ခုနှစ်အထိ)၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၌ စီးပွားရေးတွက်ခြေကိုက်ပြီး ကောက်ပဲသီးနှံများ အထွက်နှုန်း ကောင်းမွန်စေရန် Plasma နည်းပညာအကူအညီဖြင့် ဆောင်ရွက်ခြင်း၊ မြန်မာ့ပဲမျိုးစုံ ထုတ်လုပ်မှုနှင့် တင်ပို့မှုအား လေ့လာဆန်းစစ်ခြင်း ခေါင်းစဉ် တို့ဖြင့်ဆွေးနွေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာတင်ထွဋ် က သဘာပတိအဖြစ်‌ဆောင်ရွက်သည်။

 

Parallel Session V တွင်  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် နိုင်ငံဖွံ့ဖြိုးမှု ခေါင်းစဉ်၏အောက်တွင် စာတမ်းရှင် ၉ ဦးတို့က နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါသော ပြည်တွင်းအသေးစား ကုန်ထုတ် လုပ်ငန်းများ၏ အခြေအနေအား လေ့လာခြင်း၊ မြန်မာအစိုးရ၏ ချေးငွေထောက်ပံ့မှု အစီအစဉ်များနှင့် မြန်မာ MSMEs များ၏ ထုတ်ကုန် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထုတ်လုပ်မှုလုပ်ငန်းစဉ် ဖွံ့ဖြိုးတိုးတက်ရေးအပေါ် သက်ရောက်မှုများ၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုနှင့် စက်မှုဇုန်များ၏ အခန်းကဏ္ဍ၊ မြန်မာ့ MSME စွမ်းအားဖြင့် နိုင်ငံ့ ဘဏ္ဍာတိုးမြှင့်ရေး၊ MSME နှင့် နိုင်ငံဖွံ့ဖြိုးဖို့ ခေတ်မီ နည်းစနစ်ဖြင့် အားလုံးပူးပေါင်း လုပ်ကြစို့၊ မြန်မာနိုင်ငံ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ကြုံတွေ့နေရသော စိန်ခေါ်မှုအခက်အခဲများနှင့် အနာဂတ်အလားအလာအား လေ့လာဆန်းစစ်ခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ရှိ အသေးစားနှင့် အလတ်စား စားသောက်ကုန် လုပ်ငန်းများ၏ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကိုလေ့လာခြင်း၊ မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများမှ လုပ်ငန်းရှင်များ၏ Soft Skills ကို လေ့လာခြင်း၊ စားသောက်ကုန်လုပ်ငန်းကဏ္ဍမှတစ်ဆင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အသုံးပြု၍ ပြည်တွင်းစီးပွားရေး မြင့်မားလာစေရန် မူဝါဒအကြံပြုတင်ပြချက် စာတမ်းခေါင်းစဉ်တို့ဖြင့် ဆွေးနွေးရာ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က သဘာပတိအဖြစ် ဆောင်ရွက်သည်။ 

 

Parallel Session VI တွင် ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ဝန်‌ဆောင်မှုကဏ္ဍ ခေါင်းစဉ်၏အောက်တွင် စာတမ်းရှင် ၁၀ ဦးတို့က နိုင်ငံစီးပွားရေးအား ရင်းနှီးမြှုပ်နှံမှု ရှုထောင့်မှလေ့လာခြင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ကုန်သွယ်မှုအပေါ် သက်ရောက်မှုနှင့် ပို့ကုန်ကဏ္ဍ မြှင့်တင်ရေး အတွက် ဆောင်ရွက်သင့်သည်များကို လေ့လာခြင်း (၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ)၊ မြန်မာနိုင်ငံ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတွင် ခရီးသွားလုပ်ငန်း၏ အထောက်အကူပြုနိုင်မှုများကို လေ့လာ ဆန်းစစ်ခြင်း၊ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများ၊ ဘဏ်နှင့်ငွေရေး ကြေးရေးဆိုင်ရာ လုပ်ငန်းနယ်ပယ်အတွင်း Digital နည်းပညာပါဝင်ကျယ်ပြန့်လာခြင်း၊ အမျိုးသား ပို့ကုန်မဟာဗျူဟာနှင့် ပို့ကုန်ဖွံ့ဖြိုးတိုးတက်မှု၊ သီလဝါစက်မှုဇုန်ရှိ ရင်းနှီးမြှုပ်နှံသူများ၏ စိတ်ကျေနပ်မှုကို လေ့လာဆန်းစစ်ခြင်း၊ မြန်မာနိုင်ငံအာမခံကဏ္ဍ၏ အခွင့်အလမ်း ကောင်းများနှင့် စိန်ခေါ်မှုများ၊ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအသစ်များနှင့် အလားအလာများ၊ မြန်မာ့ခရီးသွား လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အလားအလာကို လေ့လာခြင်း ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးရာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းက သဘာပတိအဖြစ် ဆောင်ရွက်သည်။

 

မွန်းလွဲပိုင်းတွင် “စီးပွားရေးပညာ နှစ် (၁၀၀)” ရာပြည့် အထိမ်းအမှတ် စာတမ်း ဖတ်ပွဲ၏ Plenary Session အခမ်းအနားကို ဆက်လက်ကျင်းပရာ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က Moderator အဖြစ်ဆောင်ရွက်ပြီး  Parallel Session I ၏ သဘာပတိ အဂတိလိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးမောင်မောင်တင့်က စာတမ်း ၈ စောင်မှရရှိသော မူဝါဒဆိုင်ရာ ကောက်နှုတ်ချက် ၈ ချက်ကိုလည်းကောင်း၊ Parallel Session II ၏ သဘာပတိ ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်က စာတမ်း ၁၁ စောင်မှရရှိသော မူဝါဒဆိုင်ရာအကြံပြု ချက် ၁၂  ချက်ကိုလည်းကောင်း၊ Parallel Session III ၏ သဘာပတိ ဒုတိယဝန်ကြီး ဦးအောင်ကျော်ထွန်းက စာတမ်း ၇ စောင်မှရရှိသော မူဝါဒဆိုင်ရာအကြံပြုချက် ၂၁  ချက်ကို လည်းကောင်း၊ Parallel Session IV ၏ သဘာပတိ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် က စာတမ်း ၇ စောင်မှရရှိသော မူဝါဒဆိုင်ရာကောက်နှုတ်ချက် ၁၁ ချက်ကိုလည်းကောင်း၊ Parallel Session V ၏ သဘာပတိ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်က စာတမ်း ၉ စောင် မှရရှိသော မူဝါဒဆိုင်ရာအကြုံပြုချက် ၁၀ ချက်ကိုလည်းကောင်း၊ Parallel Session VI ၏ သဘာပတိ ဒုတိယဝန်ကြီး ဦးမင်းမင်းက စာတမ်း ၁၀ စောင်မှရရှိသော မူဝါဒဆိုင်ရာ အကြံပြုချက် ၆၀ ကို လည်းကောင်း  ဆွေးနွေးတင်ပြခဲ့ကြသည်။ အဆိုပါ Plenary Session မှရရှိလာသည့် ဆွေးနွေး တင်ပြချက်များကို ကောက်နှုတ်ပြီး မူဝါဒဆိုင်ရာ အကြံပြုချက်များအဖြစ် စုစည်း၍ နိုင်ငံတော်သို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်သည်။

 

 မြန်မာနိုင်ငံ “စီးပွားရေးပညာ နှစ် (၁၀၀)” ရာပြည့် အခမ်းအနားသို့ တက်ရောက်လာ ကြသော ကန်တော့ခံဆရာကြီး / ဆရာမကြီးများသည် ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဥပါတသန္တိဘုရားများသို့ သွားရောက် ဖူးမြော်ခြင်း၊ ဆင်ဖြူတော်များ သွားရောက်ကြည့်ရှုခြင်း၊ အမျိုးသားပြတိုက်နှင့် မော်ကွန်းတိုက်များသို့ သွား‌ရောက်လေ့လာ ခြင်းများဆောင်ရွက်ကြကြောင်း သိရသည်။

(သတင်းစဉ်)