နေပြည်တော် ၃၀ နိုဝင်ဘာ
၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ စာစစ်ဌာန ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယနေ့ဆွေးနွေးပွဲတွင် တက္ကသိုလ်ဝင် စာမေးပွဲကျင်းပမည့် စာစစ်ဌာန(၁)ခုတွင် တစ်နေ့တာဆောင်ရွက်ရန် အချိန်ဇယားနမူနာများပြုစုခြင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ကြီးကြပ်ရေးမှူး၊ တွဲဖက်ကြီးကြပ်ရေးမှူးနှင့် လက်ထောက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ တက္ကသိုလ်ဝင်စာမေးပွဲ စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များ၊ တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ ဘဏ္ဍာရေးလုပ်ငန်းများ၊ ဝင်ခွင့်ကတ်ပြားဆိုင်ရာ ညွှန်ကြားချက်များ၊ စာမေးပွဲမကျင်းပမီ၊ ကျင်းပစဉ်နှင့် ကျင်းပပြီး ဆောင်ရွက်ရန်လုပ်ငန်းများ၊ စာမေးပွဲခန်းပြင်ပ လက်ထောက် ကြီးကြပ်ရေးမှူးများ၏ ဆောင်ရွက်ရန်လုပ်ငန်းများနှင့် စာမေးပွဲလုပ်ငန်း အတွေ့အကြုံများအား ဆွေးနွေးကြမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် စာမေးပွဲဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာခေါင်းစဉ်များအလိုက် တာဝန်ရှိသူများက ဆွေးနွေးကြသည်။
အဆိုပါ ဆွေးနွေးပွဲများကို ရန်ကုန်မြို့တွင် နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁ ရက်အထိ၊ မန္တလေးတိုင်းဒေသကြီးတွင် ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိနှင့် နေပြည်တော်တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။
၂၀၂၀ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဘာသာရပ်အလိုက် စာမေးပွဲဖြေဆိုမည့် စာရင်းသွင်းဦးရေအရ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဘောဂဗေဒ ဘာသာတွဲတွင် ၅၈၂၁၄၉ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂဗေဒ ဘာသာတွဲတွင် ၁၇၃၂၀၅ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာ ဘာသာတွဲတွင် ၁၀ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ဘောဂဗေဒ၊ စိတ်ကြိုက် မြန်မာစာ ဘာသာတွဲတွင် ၁ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သမိုင်း ဘာသာတွဲတွင် ၅၄၁ ဦး၊ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာတွဲတွင် ၂၁၁၁၂၄ ဦးနှင့် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ပထဝီဝင် ဘာသာတွဲတွင် ၃၁၈၅ ဦး စုစုပေါင်း ၉၇၀၂၁၅ ဦးရှိကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်း၌ ဖွင့်လှစ်သည့် ကျောင်းအုပ်ကြီး စီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ် (၉/၂၀၁၉)မှ သင်တန်းသားသင်တန်းသူများနှင့် တွေ့ဆုံ၍ မူလတန်းကျောင်းများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်နှင့် အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် ဆွေးနွေးခဲ့သည်။
သတင်းစဉ်