နေပြည်တော် ၁၃ ဇွန်
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်၊ အခြေခံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် ပါမောက္ခချုပ်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၉ နာရီခွဲတွင် မန္တလေးတက္ကသိုလ်သို့ ရောက်ရှိပြီး ၂၀၂၀ ပြည့်နှစ်၊ မန္တလေးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူများ၏ အဖြေလွှာများ စစ်ဆေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
ပြည်ထောင်စုဝန်ကြီးက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီဝင်၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာ ဖြေဆိုသူများ၏ အဖြေလွှာစစ်ဆေးနေသည့် ဆရာဆရာမများအား ရင်းနှီးနှီးအားပေးနှုတ်ဆက်၍ ကိုရိုနာဗိုင်းရပ် ကာကွယ်ရေးနည်းစနစ်များကို လိုက်နာကျင့်သုံးဆောင်ရွက်ကြရန်၊ စာစစ်လုပ်ငန်းများ၏ လုပ်ထုံး၊ လုပ်နည်းနှင့်အညီ အဖြေလွှာများအား စနစ်တကျ စစ်ဆေးဆောင်ရွက်ကြရန်၊ စာစစ်လုပ်ငန်းများ အချိန်မီပြီးစီးရေး ကြိုးစားဆောင်ရွက်ကြရန်နှင့် အဖြေလွှာစစ်ဆေးကြသည့် ဆရာဆရာမများ၏ အရေးပေါ်လိုအပ်ချက် အခက်အခဲများဖြစ်ပေါ်လာပါက သက်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် အမြန်ဆုံး ကူညီဖြည့်ဆည်း ဆောင်ရွက်ပေးကြရန် မှာကြားသည်။
၂၀၂၀ ပြည့်နှစ် မန္တလေးတိုင်းဒေသကြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ၁၅၃၇၅၇ ဦး၏ အဖြေလွှာများအား အခြေခံပညာဦစီးဌာန ဆရာ/ဆရာမ ၃၆၅၄ ဦးနှင့် အဆင့်မြင့်ပညာဦးစီးဌာန ဆရာ/ဆရာမ ၁၂၆၂ ဦး စုစုပေါင်း စာစစ်ဆရာ/ဆရာမ ၄၉၁၆ ဦးတို့ဖြင့် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
သတင်းစဉ်


