နေပြည်တော် ၂၇ ဒီဇင်ဘာ
၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများလိုက်နာရန် စည်းကမ်းချက်များဆိုင်ရာ ဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် မန္တလေးမြို့ အမှတ်(၁၄) အခြေခံပညာ အထက်တန်းကျောင်းရှိ ပန်းမျိုးတစ်ရာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအား မတ်လ (၁၁) ရက်မှ (၂၀) ရက်ထိ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ယခင်နှစ် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းထားသည့် ကျောင်းသား ကျောင်းသူဦးရေ (၈) သိန်းခွဲခန့်သာ ရှိသော်လည်း ယခုနှစ်တွင်ဖြေဆိုရန် (၉၇၀၇၅၉) ဦးစာရင်း ပေးသွင်းထားသဖြင့် ဖြေဆိုသူအရေအတွက် ဦးရေ (၁၂၀ဝ၀ဝ) ခန့် ပိုများလာပါကြောင်း၊ စာစစ်ဌာနများကိုလည်း (၁၁၃) ခု ပိုမိုတိုးချဲ့ဆောင်ရွက်ပေးထားပြီး တစ်နိုင်ငံလုံးအနေဖြင့် စာစစ်ဌာနစုစုပေါင်း (၁၉၉၀) အထိရှိလာပါကြောင်း၊ စာမေးပွဲ မေးခွန်း၊ အဖြေလွှာ၊ စာစစ်လုပ်ငန်း၊ အောင်စာရင်းလုပ်ငန်းများ လုံခြုံမှုရှိစေရေး၊ သတ်မှတ်စည်းမျဉ်း စည်းကမ်းများနှင့်အညီ တာဝန်ကျေပွန်စွာ ထမ်းဆောင်နိုင်ရေးတို့အတွက် ညီညွတ်စွာပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စာဖြေသူ စာရင်းပြုစုခြင်းကာလတွင် ဆောင်ရွက်ရန်လုပ်ငန်းများ၊ စာစစ်ဌာနများ လျာထားစီစဉ်ခြင်း၊ စာမေးပွဲကြီးကြပ်ခြင်း၊ စာမေးပွဲ စစ်ဆေးသည့်ကာလ၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များ၊ တက္ကသိုလ်ဝင် စာမေးပွဲစာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များ၊ တက္ကသိုလ်ဝင်စာမေးပွဲ အသေးသုံး၊ ကြီးကြပ်ခ ချီးမြှင့်ငွေ ထုတ်ပေးခြင်းဆိုင်ရာ အချက်များပါဝင်သည့် လုပ်ငန်းလက်စွဲစာအုပ်ကို ထုတ်ဝေပေးထားပါကြောင်း၊ လုပ်ငန်းလက်စွဲနှင့်အညီ လုပ်ထုံးလုပ်နည်းများ ဆောင်ရွက်ကြရန်နှင့် တစ်ဦးနှင့်တစ်ဦး ဖေးမကူညီ ဆောင်ရွက်ကြရန်လိုပါကြောင်း။
ယခုနှစ်တွင် အခြေခံပညာကျောင်းများ၌ သတ်မှတ်ချက်များနှင့်ကိုက်ညီသော ကျောင်းသား ကျောင်းသူများအား အခြေခံပညာအထက်တန်းအဆင့် သင်ယူပြီးမြောက်ကြောင်း လက်မှတ်များကိုလည်း ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် အထောက်အကူပြု ဆောင်ရွက်မည့််သူများအား ဘက်မလိုက်ဘဲ မျှတစွာတာဝန် ပေးအပ်ရန်လိုပါကြောင်း၊ စာမေးပွဲစည်းမျဉ်းစည်းကမ်းနှင့်အညီ မေးခွန်းလုံခြုံမှုရှိရေး၊ စနစ်တကျလွှဲပြောင်း၊ လက်ခံမှတ်တမ်းဖြင့် သက်ဆိုင်ရာသို့ လက်ဆင့်ကမ်း အပ်နှံဆောင်ရွက်ကြရန်နှင့် ကုဒ်လုပ်ငန်းဆောင်ရွက်ရန်အတွက် လုံလောက်သော ဆရာဆရာမ အရေအတွက်ဖြင့် တာဝန်ပေးအပ်ရန်လိုပါကြောင်း၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများနှင့် စာမေးပွဲခန်းကြီးကြပ်မည့် ဆရာဆရာမများ အဆင်ပြေချောမွေ့စေရေးအတွက် လုပ်ငန်း အစမှအဆုံးအထိ အကောင်းဆုံး ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါကြောင်း၊ လုပ်ငန်းခွင်တွင် ကြုံတွေ့ရသည့် အခက်အခဲများကို မိသားစုစိတ်ဓာတ်ဖြင့် တစ်ဦးနှင့်တစ်ဦး ကူညီဖြေရှင်းပေးကြရန်နှင့် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပံ့ပိုးဆောင်ရွက်ပေးရန် လိုပါကြောင်း၊ အရည်အသွေးရှိသော နိုင်ငံသားကောင်းမျာ မွေးထုတ်ရာတွင် တက္ကသိုလ်ဝင်စာမေးပွဲ အရည်အသွေးရှိစွာ အောင်မြင်နိုင်ရေး အရေးကြီးပါကြောင်း၊ စာစစ်လုပ်ငန်း ဆောင်ရွက်ရာတွင် ကိုယ်ဝန်ဆောင်ဆရာမများ၊ အသက် ၅၈ နှစ်အထက် အသက်အရွယ်ကြီးသော ဆရာဆရာမများ၊ ကျန်းမာရေး မကောင်းသော ဆရာ ဆရာမများနှင့် ဘာသာရပ်နှင့် မကိုက်ညီသော အထက်တန်းပြဆရာ ဆရာမများအား စာစစ်တာဝန်ပေးခြင်း မပြုရန်လိုပါကြောင်း၊ ယခုဆွေးနွေးပွဲ သင်တန်းတွင် လုပ်ငန်းအတွေ့အကြုံများ ဖလှယ်၍ တစ်ဦးနှင့်တစ်ဦး လုပ်ငန်းဆိုင်ရာ အကြောင်းအရာများ သိရှိနားလည်ရေး၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဆိုင်ရာ လုပ်ငန်းများ အဆင်ပြေချောမွေ့ရေးအတွက် ဆွေးနွေးကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဆရာဆရာမများက သိရှိလိုသည်များကို မေးမြန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဆွေးနွေး ဖြေကြားသည်။
ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကြီး ကြပ်ရေးမှူးများ၊ တွဲဖက်ကြီးကြပ်ရေးမှူးများ၊ လက်ထောက်ကြီးကြပ်ရေးမှူးများနှင့် စာဖြေသူများ လိုက်နာရန် စည်းကမ်းချက်များနှင့် ပတ်သက်၍ ဆွေးနွေးပို့ချကြသည်။
အဆိုပါ ဆွေးနွေးပွဲသင်တန်းသို့ ညွှန်ကြားရေးမှူးချုပ်၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများ၊ မန္တလေး၊ စစ်ကိုင်း၊ ချင်း၊ ကချင်၊ ရှမ်း(မြောက်) တိုင်းဒေသကြီးပြည်နယ်များမှ ဆရာ ဆရာမ စုစုပေါင်း (၆၈၁) ဦး တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်