mdn

နေပြည်တော် ၂၃ အောက်တိုဘာ

 

၂၀၂၀ ပြည့်နှစ် ယူနက်စကို ကမ္ဘာ့ပညာရေးအစည်းအဝေးကို အောက်တိုဘာ ၂၂ ရက်တွင် Zoom Webinar စနစ်ဖြင့်ကျင်းပသည်။

 

ရှေးဦးစွာ ယူနက်စကို ညွှန်ကြားရေးမှူးချုပ် Ms Audrey Azoulay ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်   Mr António Guterres နော်ဝေနိုင်ငံဝန်ကြီးချုပ် Ms Erna Solberg ဂါနာနိုင်ငံသမ္မတ Mr Nana Akufo-Addo ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Ms Baroness Sugg တို့က အဖွင့်မိန့်ခွန်းများ ပြောကြားကြသည်။

 

ယင်းနောက် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ပညာရေး အစည်းအဝေး ကြေညာစာတမ်းကို ရှင်းလင်းဆွေးနွေးကာ ဆရာများအသင်းအဖွဲ့၏ သဝဏ်လွှာကို ဖတ်ကြားသည်။ ဆက်လက်၍ နိုင်ငံအကြီးအကဲ (၁၄)ဦး၊ အထူးဧည့်သည်တော် (၁၄)ဦး၊ အာရှပစိဖိတ်ဒေသမှ ဝန်ကြီး (၁၀)ဦး၊ အာရပ်နိုင်ငံများမှ ဝန်ကြီး ()ဦး၊ ဥရောပနှင့် မြောက်အမေရိကမှ ဝန်ကြီး (၁၉)ဦး၊ အာဖရိကမှ ဝန်ကြီး (၁၆)ဦး၊ လက်တင်အမေရိကနှင့် ကာရစ်ဘီယံဒေသမှ ဝန်ကြီး (၁၁)ဦးတို့က Reimagine and Re-commit to Education ခေါင်းစဉ်ဖြင့် တစ်ဦးချင်း ဆွေးနွေးတင်ပြကြသည်။

 

အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက လူတိုင်းအကျုံးဝင်ပညာရေး၊ သာတူညီမျှ ပညာရေးနှင့် အရည်အသွေးရှိသော ပညာရေးကို ဖော်ဆောင်ရာတွင် မူဝါဒ၊ စီမံကိန်း၊ စွမ်းဆောင်ရည်မြှင့်တင်မှုနှင့် အရည်အသွေးရှိသော ဒေတာအချက်အလက်တို့သည် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း၊ ပညာရေးတွင် မည်သည့်ခွဲခြားမှု မျှမရှိစေရေး၊ မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရစ်စေရေး၊ ကျောင်းထွက်သူ ပပျောက်ရေး၊ သင်ယူမှုအခွင့်အလမ်း မဆုံးရှုံးစေရေးတို့အတွက် ပညာရေးပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုအခါတွင် အခမဲ့ KG+12 ပညာရေးစနစ်ကို ပြောင်းလဲကျင့်သုံးလျက်ရှိပြီး ၂၁ ရာစု ကျွမ်းကျင်မှုများကို ဖြည့်ဆည်းပေးနိုင်မည့် သင်ရိုးညွှန်းတမ်းအသစ်များကိုလည်း ရေးဆွဲသင်ကြားသင်ယူလျက် ရှိပါကြောင်း၊ မြန်မာဒီဂျစ်တယ် ပညာရေးပလက်ဖောင်း (MDEP) နှင့် ဆင့်ပွားသင်တန်းများဖြင့် အခြေခံပညာ ဆရာ ဆရာမများအားလုံးအား သင်ရိုးသစ်သင်တန်းများပေးပြီး ဖြစ်ပါကြောင်း၊ အထက်တန်းကျောင်းများကို ဇူလိုင် ၂၁ ရက်မှ ဩဂုတ် ၂၇ ရက်အထိ ပြန်လည်ဖွင့်လှစ်ခဲ့ပါကြောင်း။

 

IQ EQ ၂၁ ရာစု ကျွမ်းကျင်မှုများကို မြှင့်တင်ပေးနိုင်မည့် စာသင်ခန်းတွင်းသင်ယူမှု၊ အွန်လိုင်းသင်ယူမှုနှင့် ပေါင်းစပ်သင်ယူမှုများမှတစ်ဆင့် လူတိုင်းအတွက် အကျိုးရှိမည့် တစ်သက်တာသင်ယူမှု အခွင့်အလမ်းများဖြင့် ကျွမ်းကျင်မှု၊ ပရော်ဖက်ရှင်နယ်ဖွံ့ဖြိုးမှုများ ရရှိစေရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

 

ကျောင်းသင်ခန်းစာများကို မြန်မာဒီဂျစ်တယ် ပညာရေးပလက်ဖောင်း (MDEP) ပညာရေး ရုပ်သံလိုင်းများနှင့် FM ရေဒီယိုများမှတစ်ဆင့် ထုတ်လွှင့်လျက် နေအိမ်မှ လေ့လာသင်ယူနိုင်စေရန် အားပေးလျက်ရှိပါကြောင်း၊ အင်တာနက်မရရှိသော ဝေးလံခေါင်ဖျားဒေသများတွင် DBE Boxes နှင့် DBE Sticks များမှတစ်ဆင့် ဒီဂျစ်တယ်ကျောင်း သင်ခန်းစာများကို လေ့လာသင်ယူနိုင်ရန် စီစဉ်ပေးလျက်ရှိပါကြောင်း၊ ပြောင်းလဲလာသော ပညာရေးပုံစံသစ်နှင့် လိုက်လျော ညီထွေမှုရှိစေရန် High-tech Learning နှင့် High-touch Learning တို့ကို မျှတစွာ အားပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒီဂျစ်တယ်နည်းပညာ အသုံးပြု၍ ပညာသင်ယူနိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် ကျောင်းများ၊ တက္ကသိုလ်များအား နည်းပညာနှင့် အခြေခံအဆောက်အအုံများ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ တိုင်းရင်းသား ဒေသများ၊ ဖွံ့ဖြိုးမှုအားနည်းသော ဒေသများနှင့် အထူးလိုအပ်လျက်ရှိသော ဒေသများတို့ကို ဦးစားပေး ဖြည့်ဆည်းဆောင်ရွက်နေပါကြောင်းနှင့် ပညာရေးအထူးဝန်ဆောင်မှုအစီအစဉ် (Special Needs Education Programme) ကိုလည်း စတင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပါကြောင်း။

 

အမျိူးသားပညာရေးဥပဒေတွင် အစိုးရအသုံးစရိတ်၏ ၂၀ ရာခိုင်နှုန်းကို ပညာရေးဘတ်ဂျက်တွင် ခွဲဝေသုံးစွဲနိုင်စေရန် အားပေးထားပါကြောင်း၊ နိုင်ငံတော်အစိုးရက အမျိုးသား ပညာရေးဥပဒေနှင့်အညီ နှစ်စဉ် ပညာရေးအသုံးစရိတ်များ တိုးမြှင့်ပေးလျက်ရှိသဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုကို အရည်အသွေးမြင့်မားလာရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်- (SDG-4) အညွန်းကိန်းများ ပြည့်မီရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်နှင့် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့အစည်းများ၏ နည်းပညာနှင့် ဘဏ္ဍာငွေ အထောက်အပံ့များဖြင့် ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုအတွက် ပညာရေး (Education for Sustainable Development – ESD)ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု ယုံကြည်ပါကြောင်း။

 

ကမ္ဘာတစ်ဝန်းနှင့် ဒေသတွင်း စုပေါင်းအင်အားဖြင့် အတူတကွ ပူးပေါင်းဆောင်ရွက်ကြမည်ဆိုလျှင် ကမ္ဘာ့ကပ်ရောဂါ၏ နောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချကာ အရည်အသွေးရှိ သောပညာရေးကို ဖော်ဆောင်နိုင်မည်ဟုလည်း ယုံကြည်ပါကြောင်း ဆွေးနွေးပြောကြားသည်။ ယင်းနောက် ယူနက်စကို ပညာရေးဆိုင်ရာ လက်ထောက် ညွှန်ကြားရေးမှူးချုပ် Ms Stefania Giannini က နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်