နေပြည်တော်  ၃   နိုဝင်ဘာ

 

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် အခြေခံမူလတန်းနှင့် အလယ်တန်းအဆင့် ပြီးမြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ကျင်းပသည်။

 

a

 

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆရာဆရာမများ အနေဖြင့် ကျောင်းသားကျောင်းသူများကို အသင်းအဖွဲ့စိတ်ဓာတ်ဖြင့် ပူးပေါင်းသင်ယူခြင်း၊ စာသင်ခန်းအတွင်း မေးမြန်းဆွေးနွေးခြင်း၊ စဉ်းစားတွေးခေါ်ခြင်း၊ ပြဿနာဖြေရှင်းနိုင်ခြင်း၊ သင်ယူပြီးရင်း ဆက်လက်သင်ယူခြင်းနှင့် နက်နက်နဲနဲသင်ယူခြင်းတို့ အားကောင်းလာရန် အတွက် မိဘ၊ အုပ်ထိန်းသူ၊ ပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါ ကြောင်း၊ အထူးသဖြင့် ၂၀၁၈ ခုနှစ်တွင် Grade - 2 ကျောင်းသားကျောင်းသူများအနေဖြင့် သင်္ချာဖတ်စာအုပ်အသစ်များဖြင့် သင်ယူရာတွင် သင်္ချာရမှတ်များ ပိုမိုကောင်းမွန်လာသကဲ့သို့ မြန်မာစာ၊ ပန်းချီ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ကာယပညာ ဘာသာရပ်များကို ပိုမိုကြိုက်နှစ်သက် လာသည်ကို JICA ၏ သုတေသနအစီရင်ခံစာတွင် တွေ့ရှိရပါကြောင်း၊ မူလတန်းပြ ဆရာ ဆရာမများက သင်ရိုးသစ်ဖတ်စာအုပ်များကို သင်ကြားသင်ယူမှု နည်းလမ်းအသစ်များဖြင့် ကျွမ်းကျွမ်းကျင်ကျင် ဆောင်ရွက်ပြီး စာသင်ခန်းအတွင်းရှိ မူလတန်း ကျောင်းသား ကျောင်းသူ စာဖတ်တတ်၊ ရေးတတ်၊ တွက်တတ်ရန် ပိုမိုကြိုးပမ်းအားထုတ်လာသည့်အတွက် ကျောင်းတွင် ပိုမိုပျော်ရွှင်လာကြကာ မူလတန်းသင်ယူပြီးမြောက်သူဦးရေသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြား၍ အလယ်တန်းနှင့် အထက်တန်းပညာကို ဆက်လက်သင်ယူလျက်ရှိပါကြောင်း။

 

သင်ယူပြီးမြောက်မှုတွင် စဉ်းစားတွေးခေါ်မှုကို အားပေးသော စစ်ဆေးအကဲဖြတ်မှု များဖြင့် လူသားကောင်းများဖြစ်လာရေး၊ ပူးပေါင်းဆောင်ရွက်တတ်ရေး၊ တာဝန်ယူတာဝန်ခံ ၍ အကောင်းဆုံးဆောင်ရွက်တတ်ရေး၊ ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိရေး တို့အတွက် စာသင်ခန်းအတွင်း အကဲဖြတ်ခြင်း၊ ကျောင်းအဆင့်၊ ခရိုင်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ဆောင်ရွက်ရာတွင် မေးခွန်းလုံခြုံရေး၊ ဘက်မလိုက်ဘဲတရားမျှတစွာလုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အချက်အလက်များကို အားသာချက်များ ပိုမိုအားကောင်းလာရန်၊ အားနည်းချက်များကို ပြန်လည်စိစစ်၍ ဖြည့် ဆည်းနိုင်ရေး စီစဉ်ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ မူဝါဒ ရေးဆွဲပြုစုပြီးဖြစ်သဖြင့် လမ်းညွှန်စာအုပ်ပြုစုနိုင်ရေးကို ဆရာဆရာမများ၊ အခြေခံပညာဦးစီး ဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် Oxford Policy Management မှ Dr.Kelvin Gregory က မြန်မာနိုင်ငံ အခြေခံပညာရေး ပန်းတိုင်များ၊ သင်ကြားသင်ယူမှုနှင့် စစ်ဆေးအကဲဖြတ်ခြင်း၊ ADB - EYE Project မှ Assessment Expert Mr. Mostyn က သင်ကြားသင်ယူမှုဖြစ်စဉ်တွင် အရေးပါ သည့် အသိပညာ၊ ကျွမ်းကျင်မှု၊ သဘောထားများနှင့် တန်ဖိုးထားမှုများ၊ JICA - CREATE TEAM မှ ဒေါ်ဌေးဌေးဟန်နှင့် ဒေါ်မြတ်မြတ်ခိုင်တို့က မူလတန်းအဆင့် စစ်ဆေးအကဲဖြတ် ခြင်းဆိုင်ရာ သတင်းအချက်အလက်များနှင့်  Oxford Policy Management မှ Dr. Reg Allen က စစ်ဆေးအကဲဖြတ်ခြင်း တို့ကို ဆွေးနွေးပြောကြားကြသည်။

 

၂၀၁၆ ခုနှစ် ဧပြီလ မှစတင်၍ သင်ယူမှုအခွင့်အလမ်းမြင့်မားရေးအတွက် ကျောင်း အဆင့်တိုးများ တိုးမြှင့်ခွင့်ပြုနိုင်ခဲ့သည့်အတွက် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် မူလတန်း ကျောင်းသားဦးရေ ၅၂၇၅၁၂၁ ဦး၊ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် မူလတန်း ကျောင်းသား ဦးရေ ၅၁၇၈၇၇၅ ဦး ရှိလာပြီး သက်လွန်ကျောင်းသားဦးရေနှင့် ထပ်ကျော့ကျောင်းသားဦးရေ သိသိသာသာလျော့နည်းလာပြီး ကျောင်းနေမြဲနှုန်း ပိုမိုကောင်းလာသည့်အပြင် ၂၀၁၈ - ၂၀၁၉ ပညာသင်နှစ်တွင် အလယ်တန်းကျောင်းသားဦးရေ ၃၁၉၄၄၅၄ ဦးနှင့် အထက်တန်း ကျောင်းသားဦးရေ ၁၁၀၃၁၀၇ ဦး၊ ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်တွင် အလယ်တန်း ကျောင်းသားဦးရေ ၃၂၈၇၆၀၂ ဦးနှင့် အထက်တန်း ကျောင်းသားဦးရေ ၁၀၉၅၂၉၅ ဦးအထိ ရှိလာကြောင်း အဆိုပါ အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။

 

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် အခြေခံမူလတန်းနှင့် အလယ်တန်းအဆင့်ပြီး မြောက်မှု စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၅ ရက်အထိ ကျင်းပသွား မည်ဖြစ်သည်။

 

(သတင်းစဉ်)