နေပြည်တော် ၂၄ အောက်တိုဘာ
ပညာရေးဝန်ကြီးဌာန အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲပြုစုရေး ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)တွင် ကဏ္ဍများအလိုက် လုပ်ငန်းများကို ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းမဏ္ဍိုင်(၃)၊ ပန်းတိုင်(၄) ၂၁ ရာစုလူမှုအဖွဲ့အစည်းအတွက် လူ့စွမ်းအားအရင်းအမြစ်များနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ချိတ်ဆက်ပေါင်းစည်းမှုရှိရန် လိုအပ်ကြောင်း၊ ထို့ပြင် အမျိုးသားပညာ ရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) လုပ်ငန်းစဉ်များ၏ စီမံကိန်းကာလအတွင်းရလဒ်များ၊ စီမံကိန်းအပြီးရလဒ်များကို ဖော်ပြရာတွင် တိကျမှုရှိသည့် အညွှန်းကိန်း(Indicator) များကို ဖော်ပြနိုင်ရန်လိုအပ်ပါကြောင်း၊ ကဏ္ဍအလိုက်ရေးသားပြုစုသော အဖွဲ့ဝင်များထဲတွင် ပညာရှင်များနယ်ပယ်စုံက ပါဝင်ရန်လိုအပ်ကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံ ကိန်း (၂၀၂၁-၂၀၃၀) ရေးဆွဲပြုစုခြင်းတွင် ပါဝင်ဆောင်ရွက်ခြင်းသည် အနာဂတ်နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုမည့် အရည်အသွေးရှိသော သင်ယူမှု အခွင့်အလမ်းမြှင့်တင်မှုကို ကြိုးပမ်းဆောင်ရွက်ပေးခြင်း ဖြစ်သည့်အတွက် အတူလက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။
ထို့နောက် နည်းပညာ၊ သက်မေွးပညာနှင့် လေ့ကျင့်ရေးဉီးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာအေးမြင့်က အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) ပြုစု ရေးဆွဲရေးဆိုင်ရာရည်ရွယ်ချက်များ၊ လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်း လင်းပြောကြားပြီး မဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲပြုစုရေးအတွက် သက်ဆိုင်ရာ ကဏ္ဍများအလိုက် အုပ်စုငယ်များခွဲ၍ ဆွေးနွေးခြင်းကို ဆောင်ရွက်ကြသည်။
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း(၂၀၂၁-၂၀၃၀) ရေးဆွဲပြုစုရေး ပထမအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၂၄ ရက်မှ ၂၅ ရက်အထိ ကျင်းပပြုလုပ်သွား မည်ဖြစ်သည်။
(သတင်းစဉ်)


