နေပြည်တော် ၈ ဇန်နဝါရီ
ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများအတွက် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှု မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၄) အောင်လက်မှတ် ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ယနေ့အခမ်းအနား၌ ဝန်ကြီးဌာန ၁၈ ခုနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း ၉ ခုတို့မှ အရာထမ်း (၈၃)ဦးနှင့် အမှုထမ်း (၉၃)ဦးတို့သည် ပညာရေးဝန်ကြီးဌာနက ချီးမြှင့်သော အင်္ဂလိပ်ဘာသာ စကားကျွမ်းကျင်မှု အောင်လက်မှတ်ကို လက်ခံရရှိကြမည် ဖြစ်သောကြောင့် လှိုက်လှဲစွာချီးကျူးဂုဏ်ပြုကြောင်း၊ သင်တန်းဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ၏ ဇွဲလုံ့လဖြင့်သင်ကြား၊ သင်ယူမှု၏အောင်မြင်မှုကို အသိအမှတ် ပြုခွင့်ရသဖြင့် ဝမ်းမြောက်ဂုဏ်ယူကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ဘဝတစ်သက် တာသင်ယူလေ့လာသူများ၏ အရည်အသွေး တိုးတက်လာစေရန် သင်ကြားသင်ယူမှု၊ လေ့ကျင့်ရေး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုမှအစပြု၍ သင်ယူမှုဝန်းကျင်ကောင်းများကို ဖန်တီးအားပေးလျက်ရှိကြောင်း၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် ဝန်ထမ်းများ၏ အရည်သွေးမြှင့် တင်ရေးအတွက် ဤသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသားများသည် မိမိတို့ တတ်မြောက်ထားသော အင်္ဂလိပ်ဘာသာ စကားစွမ်းရည်ဖြင့်သက်ဆိုင်ရာ မိမိတို့ဝန်ကြီးဌာန အသီးသီးတွင် ပြန်လည်၍ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်ကြောင်း၊ မိမိလုပ်ငန်းခွင်တွင် အင်္ဂလိပ်စာကို အသုံးချနိုင် သောစွမ်းရည်သည် မိမိအလုပ်ကို ယုံကြည်ချက် အပြည့်ဖြင့် လုပ်ကိုင်နိုင်စွမ်း ရှိလာမည်ဖြစ်သောကြောင့် မိမိလုပ်ငန်းခွင်တွင် အောင်မြင်မှု ပိုမိုရရှိလာမည်ဖြစ်ကြောင်း ရှေ့ဆက်လက်၍ မိမိကိုယ်ကို ထာဝရကျောင်းသားတစ်ဦး အဖြစ်လည်းကောင်း၊ ဘဝတစ်သက်တာ သင်ယူလေ့လာသူအဖြစ် လည်းကောင်းခံယူကာ မိမိ၏ အင်္ဂလိပ်ဘာသာစကား စွမ်းရည်ကို မြှင့်တင်လျက် နိုင်ငံတော်ကို ပိုမိုအလုပ်အကျွေး ပြုနိုင်သော နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်လာအောင် ကြိုးစားအားထုတ်သွားကြရန် တိုက်တွန်းပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က သင်တန်းသား၊ သင်တန်းသူ တစ်ဦးချင်းစီအား အင်္ဂလိပ်ဘာသာ စကားကျွမ်းကျင်မှု လက်မှတ်များကို ကိုယ်တိုင်ပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ သင်တန်းဆင်း အရာထမ်းတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်