နေပြည်တော် ၁၈ ဇွန်

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၉ နာရီတွင် ဆီမီယို အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများ၏ မူဝါဒရေးရာ e-Forum သို့ တက်ရောက်ဆွေးနွေးသည်။

 

အဆိုပါဆွေးနွေးပွဲသို့ ဆီမီယိုအဖွဲ့ဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် ဆီမီယို မိတ်ဖက်အဖွဲ့ဝင်နိုင်ငံများမှ ပညာရေးဝန်ကြီးများနှင့် အဆင့်မြင့်ပညာရေးအရာရှိကြီးများ တက်ရောက်ကြပြီး ဆီမီယို Secretariat မှ ညွှန်ကြားရေးမှူး Dr. Ethel Agnes Pascua-Valenzuela က အဖွင့်အမှာစကား ပြောကြားသည်။

 

အစည်းအဝေးတွင် မလေးရှားနိုင်ငံ၊ ပညာရေးဝန်ကြီး၊ ဆီမီယိုကောင်စီဥက္က Dr. Radzi Jidin နှင့် စင်္ကာပူနိုင်ငံ ပညာရေးဝန်ကြီး၊ ဆီမီယိုကောင်စီ ဒုတိယဥက္က Mr. Ong Ye Kung တို့က keynote speech များ ပြောကြားကြပြီး ဆီမီယိုအဖွဲ့ဝင်နိုင်ငံများ၏ ပညာရေးဝန်ကြီးများက ကိုဗစ်-၁၉ ကာလအတွင်း ပညာရေး၊ ကိုဗစ်-၁၉ အလွန်ပညာရေးနှင့် ကျောင်းများ ပြန်လည်ဖွင့်လှစ်ခြင်းဆိုင်ရာ အကြောင်းအရာများကို အလှည့်ကျတင်ပြကြသည်။

 

ကိုဗစ်-၁၉ ကာလအလွန်ပညာရေးနှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးရာ မြန်မာနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ၌  စာမေးပွဲများပြီးစီး၍ ဧပြီလနှင့် မေလများသည် ကျောင်းပိတ်ကာလများဖြစ်သဖြင့် အခြေခံပညာကျောင်းများတွင် ထိခိုက်မှုမရှိခဲ့သော်လည်း အခြေခံပညာသင်ရိုးသစ် သင်ကြားသင်ယူမှုနည်းစနစ် သင်တန်းများ၊ တက္ကသိုလ်ကောလိပ်များ၏ ပထမနှစ်ဝက်စာမေးပွဲများ၊ တက္ကသိုလ်ဝင်စာမေးပွဲဆိုင်ရာ လုပ်ငန်းများ၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာ သင်တန်းများကို ရွှေ့ဆိုင်းခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံတွင် မတ် ၂၃ ရက်မှ ဇွန် ၁၂ ရက်အထိ ၈၁ ရက်ကာလအတွင်း မြို့နယ် ၆၂ ခုတွင် အတည်ပြုလူနာ ၂၆၁ ဦးတွေ့ရှိပြီး ၁၆၅ ဦးမှာ ပြန်လည်ကျန်းမာရေး ကောင်းမွန်လာပါကြောင်း၊ ပထမလှိုင်းကို ကျော်လွှားနိုင်ခဲ့ပြီဟု ယူဆနိုင်ပါကြောင်း၊ ပညာရေးဆိုင်ရာ မြန်မာ ကိုဗစ်-၁၉ တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ရေးစီမံချက်ကို ရေးဆွဲအကောင်အထည်ဖော်လျက်ရှိ ပါကြောင်း၊ ယခု ဇွန်လတွင် တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်လုပ်ငန်းများကို ပြန်လည်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ အခြေခံပညာအထက်တန်းကျောင်းများကို ဇူလိုင်လအတွင်း ပြန်လည်ဖွင့်လှစ်ကာ အလယ်တန်းနှင့် မူလတန်းအဆင့်ကျောင်းများကို အဆင်မပြေမှုများနှင့် အခက်အခဲများအရ အဆင့်လိုက် ဆက်လက်ဖွင့်လှစ်သွားရန် ပြင်ဆင်ထားပါကြောင်း။

 

သင်ယူမှုအခွင့်အလမ်းများ မဆုံးရှုံးစေရေး၊ မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရစ်စေရေးကို ဦးတည်လျက် လူစုလူဝေးမဖြစ်ပေါ်ရေးနှင့် ထိတွေ့မှုကို လျှော့ချရေး ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးကို ဦးစားပေးလုပ်ငန်းများအဖြစ် သတ်မှတ်ပြင်ဆင် ဆောင်ရွက်ထားပါကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ကျောင်းသား ကျောင်းသူများအားလုံးအား ဖတ်စာအုပ်များ၊ ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ နှာခေါင်းစည်းများ၊ မျက်နှာကာများကို အခမဲ့ဖြန့်ဝေပေးမည်ဖြစ်ပြီး ကျောင်းတိုင်းအား သာမိုမီတာများနှင့် လက်သန့်စင်ရေးပစ္စည်းများကို လည်းကောင်း၊ ကိုဗစ်-၁၉ ဖြစ်ပွားမှုများသော မြို့နယ်များရှိ ကျောင်းများသို့ PPE ရောဂါ ကာကွယ်ရေးဝတ်စုံ ၂ စုံစီကို လည်းကောင်း အခမဲ့ထောက်ပံ့ပေးမည်ဖြစ်ပါကြောင်း၊ စာသင်ခန်းအတွင်း တစ်ဦးနှင့် တစ်ဦး ၆ ပေခြား၍ ခပ်ခွာခွာ နေထိုင်မှုကို စီစဉ်ထားရှိလျက် အခြေခံပညာကျောင်းများကို နည်းလမ်း ၄ သွယ်ဖြင့် ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊ ပုံမှန်တက်ကျောင်း၊ တစ်ပတ်ခြားကျောင်း၊ တစ်ပတ်ခြား၍ နှစ်သုတ်တက်ကျောင်း၊ တစ်ပတ်ခြားပြီး နှစ်သုတ်တက်‌၍ သုံးရက်တက်ကျောင်းများအဖြစ် လျာထားပါကြောင်း၊ ကျောင်းသားကျောင်းသူများအနေဖြင့် မိမိတို့နေအိမ်များသို့ ပြန်လည်ရောက်ရှိချိန် အိမ်တွင် ဆက်လက်သင်ယူလေ့ကျင့်မှုများ လိုအပ်မည်ဖြစ်ပါကြောင်း၊ အွန်လိုင်းသင်ကြားသင်ယူမှုများအတွက်လည်း လိုအပ်သည်များ ဖြည့်ဆည်းနိုင်ရေး စီစဉ်ထားပါကြောင်း။

 

မြန်မာဒီဂျစ်တယ် ပညာရေး ပလက်ဖောင်း (MDEP)ကို တည်ဆောက်ပြီးဖြစ်ရာ ဆရာ ဆရာမ ၂၅ ရာခိုင်နှုန်းခန့် မှတ်ပုံတင်သွင်းထားပြီး သင်ယူလေ့ကျင့်လျက်ရှိပါကြောင်း၊ ဝေးလံသောဒေသများရှိ ကျောင်းများသို့ ကျောင်းသုံးဖတ်စာအုပ်များ၊ သင်ကြားသင်ယူမှုဆိုင်ရာ ဗီဒီယိုများ စသည့် သင်ယူလေ့လာစရာများပါဝင်သည့် DBE Box များကို ဖြန့်ဝေထားပါကြောင်း၊ ကျောင်းများသို့ Tablet တစ်လုံးစီ ဖြည့်ဆည်းပေးနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်များမှ လူမှုရေးဝန်ကြီးများ၊ ပညာရေးမှူးများနှင့်လည်း Video Conferencing အစည်းအဝေးများ ကျင်းပခဲ့ပါကြောင်း၊ ကျောင်းထွက်နှုန်းလျှော့ချရေး၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံမှုရှိသော စဉ်ဆက်မပြတ်သင်ယူမှု ပတ်ဝန်းကျင်ကောင်းများ ဖန်တီးရေး၊ ဆရာအရည်အသွေး မြှင့်တင်ရေးနှင့် အရည်အသွေးရှိသော သင်ယူမှုရလဒ်ကောင်းများ ပေါ်ထွက်ရေးတို့အတွက် ဦးစားပေး ဆောင်ရွက်လျက်ရှိသဖြင့် ကျောင်းများပြန်လည်ဖွင့်လှစ်ရေး လုပ်ငန်းစဉ်များ အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း၊ ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ကျန်းမာပြီး လုံခြုံသော သင်ယူမှုဝန်းကျင်ကောင်း ရရှိစေရန်၊ သင်ယူမှုများအဆက်မပြတ်စေရန်နှင့် အရည်အသွေးရှိသော သင်ယူမှုများ အရှိန်အဟုန်ဖြင့် တိုးတက်စေရန် ဆောင်ရွက်မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆီမီယိုနိုင်ငံများ ပညာရေးဝန်ကြီးများ၏ မူဝါဒဆိုင်ရာ ဆွေးနွေးပွဲမှ ရလဒ်များမှာ သင်ယူသူများအား နည်းပညာဆိုင်ရာ တိုးတက်မှုရှိစေရန်အတွက် ပြင်ဆင်ပေးရန်၊ မိမိနိုင်ငံ အနေထားပေါ် မူတည်၍ အမျိုးမျိုးသော ပညာရေးဆိုင်ရာ ပလက်ဖောင်းများကို အသုံးပြုရန်၊ ဆရာဆရာမများ၏ လက်ရှိအခြေအနေကို မြှင့်တင်ပြီး ၎င်းတို့အတွက် အတတ်ပညာ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများနှင့် သင်တန်းများ တိုးချဲ့ဆောင်ရွက်ရန်၊ ဖွံ့ဖြိုးအနည်းဆုံးသော သင်ယူသူများနှင့် ဖွံ့ဖြိုးမှုနည်းသောဒေသရှိ ကျောင်းများအထိ ရောက်ရှိရေး ဆောင်ရွက်ရန်၊ ၂၁ ရာစု ပညာရေးဆောင်ရွက်သူများအတွက် လိုအပ်သော အသိပညာ၊ ကျွမ်းကျင်မှု သဘောထားများ၊ တန်ဖိုးထားမှုများကို အပြည့်အဝအသုံးပြုရန်၊ ပညာရေးအတွက် အခြေခံအဆောက်အဦနှင့် ဘဏ္ဍာငွေကို ပိုမိုမြှင့်တင်ရန်နှင့် ပညာရေးရလဒ်ကောင်းများ ရရှိစေရန်အတွက် ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်တို့ ဖြစ်ကြောင်းသိရသည်။

 

သတင်းစဉ်