ရန်ကုန် ၉ နိုဝင်ဘာ
“ပညာရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှု” ခေါင်းစဉ်ဖြင့် ဂျာမနီနိုင်ငံ ပညာတော်သင် ကျောင်းသားဟောင်းများအဖွဲ့ နှစ်ပတ်လည် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဂျာမနီနိုင်ငံနှင့် DAAD တို့သည် မြန်မာနိုင်ငံမှ အစိုးရဝန်ထမ်းများနှင့် လူငယ်များအတွက် ဘွဲ့ဒီဂရီပညာသင်အစီအစဉ်များ ရရှိနိုင်ရန် နှစ်ပေါင်းများစွာအကူအညီ ပေးလျက်ရှိပါကြောင်း၊ ဂျာမနီနိုင်ငံ ပညာသင် ကျောင်းသားဟောင်းများ (မြန်မာ) (German Alumni Association Myanmar-GAAM) အနေဖြင့် ဂျာမနီနိုင်ငံတွင် သင်ယူစရာများနှင့် မည်သို့သင်ကြား သင်ယူရမည်တို့ကို သိရှိလာရသည့်အတွက် များစွာဝမ်းမြောက်မိပါကြောင်း၊ ဂျာမနီနိုင်ငံမှ ရရှိခဲ့သော တန်ဖိုးရှိသောအတွေ့ အကြုံများဖြင့် မိမိတို့မြန်မာနိုင်ငံတွင် ကျွမ်းကျင်မှုမြင့်မားလာစေရန်နှင့် အသိပညာ ဖွံ့ဖြိုးလာစေရန် ပူးပေါင်းဆောင်ရွက်လျက် ရှိကြပါကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းအရ မြန်မာ့ပညာရေး စနစ်ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယနေ့ခေတ်တွင် သင်ယူသူအားလုံးကို လူသားကောင်းများဖြစ်လာစေရန်၊ အသင်းအဖွဲ့ စိတ်ဓာတ်ဖြင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရန် နှင့် ကောင်းမွန်သော အနာဂတ်အတွက် တီထွင်ဆန်းသစ်ခြင်း၊ ဖန်တီးတတ်ခြင်းများ အားကောင်းလာစေရန် ပြုစုပျိုးထောင်ပေးရမည် ဖြစ်ပါကြောင်း။
ပညာရေးဝန်ကြီးဌာနသည် တက္ကသိုလ်များ၏သင်ရိုးညွှန်းတမ်းများ၊ သင်ယူနည်းစနစ်များ၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုများကို နိုင်ငံတကာ အဆင့်မီ ဖြစ်စေရန်အတွက် အလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ယနေ့ကျင်းပသည့် ဆွေးနွေးပွဲတွင် မိမိတို့ကြုံတွေ့နေရသည့် စိန်ခေါ်မှုအခက်အခဲများကို ဖြေရှင်း ဆောင်ရွက်နိုင်မည့် အတွေ့အကြုံများ၊ အသိပညာဗဟုသုတများနှင့် ဖြေရှင်း ဆောင်ရွက်ချက်များကို အချင်းချင်းမျှဝေပေးနိုင်မည့် အခွင့်အလမ်းများ ရရှိကြမည်ဟု ယုံကြည်ပါကြောင်း၊ ယနေ့ အခမ်းအနားကို ကျင်းပရန်ကူညီ ပံ့ပိုးပေးသည့် ဂျာမနီနိုင်ငံ သံရုံး၊ DAAD နှင့် ဂျာမနီနိုင်ငံ ပညာသင် ကျောင်းသား ဟောင်းများအဖွဲ့တို့အား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံအမတ်ကြီး Mr. Thomas Neisinger ,Head of DAAD Regional Office in Hanoi , Mr.Stefan Hase-Bergen နှင့် Cologne University မှ Prof.Dr.Frauke Kraas တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။
ထို့နောက် အစည်းအဝေးကို သတ်မှတ်ထားသည့် အစီအစဉ်များအတိုင်း ဆက်လက်ကျင်းပခဲ့ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ရန်ကုန်မြို့ Best Western Green Hill Hotel ၌ ကျင်းပသည့် Prospect Burma ၏ တတိယအကြိမ်မြောက် နှစ်ပတ်လည်ညီလာခံနှင့် နှစ် ၃၀ ပြည့် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


