နေပြည်တော် ၁၇ ဇွန်

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၇ နာရီခွဲတွင် YouTube မှ တိုက်ရိုက်ထုတ်လွှင့်သော ကမ္ဘာ့ဘဏ်နှင့် ဩစတြေးလျအစိုးရ နိုင်ငံခြားရေးနှင့် စီးပွားရေးရာဌာန (DFAT) တို့ ပူးပေါင်းကျင်းပသည့် ကမ္ဘာ့ဘဏ်၏ The COVID-19 Pandemic: Shocks to Education and Policy Responses အစီရင်ခံစာ စာအုပ်ထုတ်ဝေခြင်းနှင့် အွန်လိုင်း Panel Discussion သို့ တက်ရောက်ဆွေးနွေးသည်။

 

ရှေးဦးစွာ ကမ္ဘာ့ဘဏ် အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Ms. Victoria Kwakwa က အဖွင့်အမှာစကားပြောကြားကာ DFAT မှ Ms. Elizabeth Peak က အမှာစကား ပြောကြားသည်။ ထို့နောက် The COVID-19 Pandemic: Shocks to Education and Policy Responses အစီရင်ခံစာ စာအုပ်ပြုစုသူ Mr. Halsey Rogers နှင့် Ms. Shwetlena Sabarwal တို့က အစီရင်ခံစာပါ တွေ့ရှိချက်များကို ရှင်းလင်းတင်ပြသည်။

 

ဆက်လက်၍ Mr. Toby Linden ဦးဆောင်၍ Panel Discussion ကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သင်ယူမှုအခွင့်အလမ်းမဆုံးရှုံးစေရေး၊ မည်သည့်ခွဲခြားမှုမျှမရှိရေး၊ မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရစ်စေရေး၊ ကျောင်းထွက်နှုန်းလျော့နည်းရေးကို ဦးတည်ကြိုးပမ်းလျက်ရှိပါကြောင်း၊ ကျန်းမာ၍ ဘေးကင်းလုံးခြုံသော သင်ယူမှုဝန်းကျင် ကောင်းဖြစ်စေရန် အလေးပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ချို့တဲ့သော အခက်အခဲရှိသော ထိခိုက်ခံရသူကလေးများ ကျောင်းဆက်လက်တက်ရောက်ရေးနှင့် ဆရာအရည်အသွေး မြှင့်တင်ရေးသည် အမျိုးသားပညာရေးမူဝါဒ၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် ပါဝင်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် ချို့တဲ့သော အခက်အခဲရှိသော ကျောင်းသား ၂၅၀ဝ၀ ကျော်ကို နှစ်စဉ်ပညာသင်ထောက်ပံ့ကြေး ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခက်အခဲအမျိုးမျိုး ရှိလာနိုင်ပြီး ကလေးများ ကျောင်းထွက်နှုန်း မြင့်မားမလာစေရေးအတွက် ပညာသင်ထောက်ပံ့ကြေးများ ပိုမိုထောက်ပံ့ပေးရန်နှင့် ပညာရေးတွင် ပိုမိုရင်းနှီးမြုပ်နှံရန် အရေးကြီးပါကြောင်း၊ ၂၁ ရာစု ကျွမ်းကျင်မှုများရရှိစေရန်အတွက် သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်ရေးဆွဲလျက်ရှိပါသဖြင့် ပညာသင်ကာလနှင့် လိုက်လျောညီထွေရှိမည့် သင်ယူတတ်မြောက်မှု အကောင်းဆုံးရရှိနိုင်ရန်လည်း စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မူလတန်းအဆင့် စာဖတ်စွမ်းရည် အကဲဖြတ်ခြင်း (EGRA) နှင့် မူလတန်းအဆင့် သင်္ချာစွမ်းရည်အကဲဖြတ်ခြင်း (EGMA) တို့ကို ကိုဗစ်မဖြစ်ပွားမီ ဖေဖော်ဝါရီလတွင် ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျောင်းပညာသင် ထောက်ပံ့ကြေး အချက်အလက်စနစ် (School Stipend Database-STD)၊ စီမံခန့်ခွဲမှုအတွက် ဆက်သွယ်ရေးစနစ် (Communication for Management-C4M)၊ ပညာရေးစီမံခန့်ခွဲမှု သတင်းအချက်အလက်စနစ် (Education Management Information System-EMIS) နှင့် ဝန်ထမ်းစီမံခန့်ခွဲမှုစနစ် (Staff Management System - SMS) တို့ကို အသုံးပြုနေသောကြောင့်လည်း ကိုဗစ်ကာလတွင် ထိရောက်သော စီမံခန့်ခွဲမှုကို များစွာအထောက်အကူပြုပါကြောင်း။

 

ထို့ကြောင့် ရေရှည်စီမံကိန်းများတွင် အရည်အသွေးရှိသော တစ်သက်တာ သင်ယူမှုအခွင့်အလမ်းများကို စာသင်ခန်းတွင်း သင်ယူမှု၊ အွန်လိုင်းသင်ယူမှုနှင့် နှစ်မျိုးပေါင်းစပ်သင်ယူမှုတို့ဖြင့် ဖြည့်ဆည်းပေးကြရမည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံတွင် ဆရာ ဆရာမများကို အွန်လိုင်းသင်တန်း စတင်ဆောင်ရွက်နေပြီး အွန်လိုင်းသင်တန်းများအတွက် အကောင်းဆုံးဖြစ်အောင် စတင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

 

သို့ဖြစ်၍ ကျောင်းသားများ၏ ကျန်းမာရေး၊ ဘေးကင်းလုံခြုံရေးကို ကာကွယ်ရန်၊ သင်ယူမှုမဆုံးရှုံးစေရန်နှင့် လူအုပ်စုလျှော့ချ၍ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်မှု၊ ကျောင်းထွက်နှုန်း အနည်းဆုံးဖြစ်မှုတို့ကို ဦးစားပေးထိန်းသိမ်း ဆောင်ရွက်သွားရန်၊ သင်ယူမှုကို မူလအခြေအနေသို့ ပြန်လည်ရောက်ရှိစေရန်အတွက် သင်ရိုးညွှန်းတမ်းများ၊ သင်ကြားသင်ယူမှုနည်းစနစ်များကို ဆန်းသစ်သော ပြုပြင်ပြောင်းလဲမှုများမှတစ်ဆင့် ပိုမိုကောင်းမွန်သော သင်ယူမှုဝန်းကျင်ကောင်းများကို ဖော်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ ယခုအတွေ့အကြုံနှင့် ဆောင်ရွက်ချက်များကို ကိုဗစ်အလွန်ကာလ ရင်ဆိုင်ကြုံတွေ့လာရနိုင်သော အရေးပေါ်အခြေအနေများတွင်လည်း အရည်အသွေးရှိသော သင်ယူမှုစဉ်ဆက်မပြတ်စေရေးအတွက် ထိရောက်စွာ အသုံးချသွားနိုင်မည် ဖြစ်ပါကြောင်းဖြင့် ဆွေးနွေးပြောကြားသည်။

 

mdn

 

ဆက်လက်၍ တွန်ဂါနိုင်ငံ ပညာရေးဝန်ကြီးနှင့် ဖိလစ်ပိုင်နိုင်ငံ ပညာရေး ဒုတိယဝန်ကြီးတို့က ဆွေးနွေးခဲ့ကြကာ ကမ္ဘာ့ဘဏ်၏ ညွှန်ကြားရေးမှူး Jaime Saavedra က နိဂုံးချုပ်အမှာ စကားပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်