ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး မန္တလေးမြို့ရှိတက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့်တွေ့ဆုံ

နေပြည်တော်  ၁၇  ဖေဖော်ဝါရီ 

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့်အဖွဲ့ ရတနာပုံ တက္ကသိုလ်ရှိပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့်ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီတွင် ရတနာပုံ တက္ကသိုလ်၌ ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် ပါမောက္ခချုပ် များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးတို့က အဆင့်မြင့်ပညာရေးကဏ္ဍပြုပြင် ပြောင်းလဲဆောင်ရွက်နေမှုများ၊ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။ 

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီး က ပိုမိုကောင်းမွန်သော ပညာရေး စနစ်သို့ပြုပြင် ပြောင်းလဲဆောင်ရွက်ရာ၌ ကောင်းမွန်သောမူဝါဒ၊ လုပ်ထုံးလုပ်နည်း များဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက်  အရည်အသွေးပြည့်ဝသော လူသားအရင်းအမြစ်များကိုပြုစု ပျိုးထောင်ပေးရာတွင် အဆင့်မြင့်ပညာကဏ္ဍရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များသည် လူမှု ဝန်းကျင်တွင် လိုအပ်သော အသိပညာရှင်၊ အတတ်ပညာရှင် ဘွဲ့ရလူငယ် မောင်မယ် များကို ပြုစုပျိုးထောင်ပေး ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ တက္ကသိုလ်အရည်အသွေး ပိုမိုမြင့်မားရေးအတွက် အားလုံးညီညီညွှတ်ညွတ်ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ဌာနတွင်း စီမံခန့်ခွဲမှုများဖြစ်သည့် အတန်း ခွဲဝေမှု၊သင်ကြားသင်ယူမှု၊ စာမေးပွဲဆိုင်ရာများ၊ ကျမ်းကြီးကြပ်မှုနှင့်ငွေကြေးဆိုင်ရာ ကိစ္စရပ်များကို လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းစဉ်းကမ်းများနှင့်အညီ အကျိုးရှိ ထိရောက် စွာဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မဂ္ဂဇင်းကြေး၊ ပြက္ခဒိန်ကြေး၊ စာသောက်ဆိုင် ခန်းခများ၊ ဘွဲ့နှင်းသဘင် ကြေး၊ ဓာတ်ပုံတင်ဒါကြေး၊ ကျောင်းသုံးရည်ညွှန်းစာအုပ် စာတမ်းကြေးများ၊ လက်တွေ့/ နည်းပြ စာအုပ်ကြေးစသည့်ငွေကြေးများကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ စာရင်းစစ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပါမောက္ခ/ ဌာနမှူး များကဌာနရှိဆရာဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသားကျောင်းသူများကို အပတ် စဉ်တွေ့ဆုံ၍ အခက်အခဲများ၊ စိန်ခေါ်မှုများကို ညှိနှိုင်းဖြေရှင်းရန်နှင့် မဖြေရှင်းနိုင်သည့် ကိစ္စရပ်များကို ပါမောက္ခချုပ်ထံတင်ပြပြီး ပါမောက္ခချုပ်က အခက်အခဲရှိသော ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများကို အပတ်စဉ်တွေ့ဆုံညှိနှိုင်း ဖြေရှင်းရန်၊ ဆက်လက်ပြီး ပါမောက္ခချုပ်ကလည်း မဖြေရှင်း နိုင်သည့်အခက်အခဲ၊ စိန်ခေါ်မှုများကို ပါမောက္ခချုပ်များကော်မတီနှင့် ပညာရေးဝန်ကြီးဌာနသို့ ဆက်လက်တင်ပြရန် လိုအပ်ပါ ကြောင်း၊ ကျောင်းသားကျောင်းသူများအား မတူကွဲပြားမှုများကို အပြန်အလှန်နားလည် ရေး၊ လေးစားတန်းဖိုးထား၍ ကူညီဖြည့်ဆည်း ဆောင်ရွက်တတ်ရေး၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်ရေး၊ စာကြည့်တိုက်အသုံးပြု၍ စာများများဖတ်ကာ သင်ယူ တတ်ရေး၊ အားကစား၊ ဂီတ၊ အနုပညာစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရေး၊ တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်တတ်ရေး၊ ဆန်းသစ်တီထွင် ဖန်တီးနိုင်စွမ်းရှိရေးနှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အကောင်းဆုံးဆောင်ရွက် တတ်ရေးအတွက် သင်ကြားသင်ယူ၊ လေ့ကျင့်ပေးရန်လိုပါကြောင်း၊ ဆရာဆရာမများအနေဖြင့် ဒေသခံပြည်သူများ၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချသုတေသနလုပ်ငန်းများ ဆောင်ရွက်ကြရန် နှင့် ရရှိလာသည့်သုတေသနရလဒ်များကို ပြည်တွင်းပြည်ပ သုတေ သနဂျာနယ်များ တွင်ရေးသားဆောင်ရွက်ကြစေလိုပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတိုင်းတွင် အတော်ဆုံးကျောင်းသားကျောင်းသူများကို ဆရာ ဆရာမအဖြစ်ရွေးချယ် ဆောင်ရွက် နေကြပါကြောင်း၊ အတော်ဆုံးဆရာ၊ ဆရာမများ၊ အရည်အသွေးရှိသော ဆရာဆရာမ များကသာ ထူးချွန်သောကျောင်းသား ကျောင်းသူ များကို မွေးထုတ်ပေး နိုင်မည်ဖြစ်၍ ဆရာဆရာမအဖြစ်အသက်မွေးဝမ်းကြောင်း လုပ်ငန်းကိုအားပေးပါကြောင်း၊ တက္ကသိုလ် များ အရည်အသွေးပိုမိုမြင့်မားလာရေး နိုင်ငံတကာနှင့်ယှဉ်ပြိုင် နိုင်စွမ်းရှိသော ဘွဲ့ရလူငယ်မောင်မယ်များ ပြုစုမွေးထုတ်ပေးနိုင်ရေး အတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုပါကြောင်း စသည်ဖြင့် ပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသူများကသိရှိလိုသည်များကို ဆွေးနွေးမေးမြန်း ကြရာ ပြည်ထောင်စုဝန်ကြီးနှင့်တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများလိုက်ပါလျှက် မန္တလာ ဒီဂရီကောလိပ်၊ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်နှင့် မန္တလေး တက္ကသိုလ်များသို့သွားရောက်၍ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာဆရာမ များ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံကာ ပညာရေးပြုပြင်ပြောင်းလဲ ဆောင်ရွက်နေမှုအခြေအနေများ၊ အားနည်းချက် အားသာချက်များ၊ ဖြေရှင်းဆောင် ရွက်ရမည့် အခက်အခဲ၊စိန်ခေါ်မှုများနှင့် ဆက်လက်ဆောင်ရွက်မည့် ပညာရေးလုပ်ငန်း စဉ်များကို ဆွေးနွေးခဲ့ကြသည်။

 

အလားတူ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဝင်းမော်ထွန်းသည် ဖေဖော်ဝါရီ ၁၇ရက်တွင် မန္တလေးနည်းပညာတက္ကသိုလ်၊ နည်းပညာ တက္ကသိုလ်(မန္တလေး)၊ မန္တလေး ကွန်ပျူတာတက္ကသိုလ်နှင့် မန္တလေးနိုင်ငံခြားဘာသာ တက္ကသိုလ်များသို့ သွားရောက်၍ ပါမောက္ခချုပ်၊ဒုတိယပါမောက္ခချုပ်များ၊ ဆရာဆရာမများ၊ ဝန်ထမ်းများနှင့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံကာပညာရေး လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ 


(သတင်းစဉ်)

 

DSC