နေပြည်တော်  ၉  ဇူလိုင်

 

နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဆိုင်ရာ အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းနှင့် သက်မွေးပညာသင်တန်းကျောင်းများ၏ ကျောင်းအုပ်ကြီးများ နှင့် သက်မွေးပညာသင်တန်းများ တိုးချဲ့ဖွင့်လှစ်လေ့ကျင့်ပေးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၂၁ အစည်းအဝေးခန်းမတွင်  Video Conferencing ဖြင့် ကျင်းပသည်။

 

အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ၂၀၂၀ ပြည့်နှစ်၊ ဇူလိုင် (၄) ရက်တွင် ကျင်းပသည့် ကိုဗစ်-၁၉ နှင့် ဆောက်လုပ်ရေးကဏ္ဍအပေါ် သက်ရောက်မှုများနှင့် စပ်လျဉ်း၍ Video Conferencing  ဖြင့် ဆွေးနွေးခြင်းအစီအစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “အသက်မွေးဝမ်းကျောင်း ပညာကျောင်းများကို မိမိအနေဖြင့် အားပေးလိုပါကြောင်း၊ မိမိတို့နိုင်ငံတွင် အသက်မွေးဝမ်းကျောင်းပညာကို ဖွံ့ဖြိုးတိုးတက်သည့် ကဏ္ဍတစ်ခုဖြစ်သွားစေလိုပါကြောင်း၊ ကမ္ဘာကြီးရှိ အတိုးတက်ဆုံး နိုင်ငံတချို့တွင် အသက်မွေးဝမ်းကျောင်းပညာသည် တက္ကသိုလ် ပညာနှင့် တန်းတူအဆင့်ရှိပါကြောင်း၊ ပြည်သူများသည် အသက်မွေးဝမ်းကျောင်း ပညာကျောင်းထွက် ဆိုသည်မှာ တက္ကသိုလ်ဘွဲ့ရများနှင့်တန်းတူ၊ အသိပညာရှင်များ၊ အတတ်ပညာရှင်များနှင့် တန်းတူသတ်မှတ် ထားခြင်း ရှိပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကျွမ်းကျင်လုပ်သားများရှိရန် များစွာလိုအပ်ပါကြောင်း၊ မိမိတို့ ပြည်သူများ၏ အလုပ်အကိုင် အရည်အချင်း၊ ကျွမ်းကျင်မှုကို မြှင့်တင်ပေးသည့်ပုံစံမျိုးဖြင့် လုပ်စေချင်ပါကြောင်း”ဟု လမ်းညွှန်မှုပေးခဲ့ပါကြောင်း။

 

မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများတွင် လုပ်ငန်းကျွမ်းကျင်သူများစွာ အမှန်တကယ် လိုအပ်လျက်ရှိပါကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများနှင့် လုပ်အားခလစာများသည် ကျွမ်းကျင်မှုအပေါ် မူတည်နေပါကြောင်း၊ လူငယ်လူရွယ်များကို လုပ်ငန်းလိုအပ်ချက်နှင့်အညီ ကျွမ်းကျင်သူများ ဖြစ်လာအောင် လေ့ကျင့်ပေးရမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် နည်းပညာကဏ္ဍဆိုင်ရာ သက်မွေးသင်တန်းများကို အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှု သိပ္ပံနှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများတွင် ဒီပလိုမာအဆင့်နှင့် အောင်လက်မှတ်အဆင့် သင်တန်းများဖြင့် စနစ်တကျ လေ့ကျင့်ပေးလျက်ရှိပါကြောင်း၊ သက်မွေးပညာ သင်တန်းကျောင်း များဖြစ်သည့် စင်ကာပူ-မြန်မာ သက်မွေးပညာသင်တန်းကျောင်း၊ ညောင်ရွှေ သက်မွေးပညာသင်တန်း ကျောင်း၊ အစိုးရနည်းပညာအထက်တန်း ကျောင်း(လှိုင်သာယာ)တို့မှ ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ သင်တန်းများ၊ အထည်ချုပ်သင်တန်းများ၊ အစားအစာနှင့် ဖျော်ရည်ပြုလုပ်ခြင်း သင်တန်းများကို ပုဂ္ဂလိကလုပ်ငန်း ရှင်များ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍လေ့ကျင့် မွေးထုတ်လျက်ရှိပါကြောင်း။

 

သို့ရာတွင် လုပ်ငန်းခွင်တွင် ကျွမ်းကျင်သူလိုအပ်ချက်မြင့်မားနေ၍ လိုအပ်ချက်ပြည့်မီစေရေး ကျွမ်းကျင်မှု သင်တန်းများကို ပိုမိုဖွင့်လှစ်လေ့ကျင့်သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ လူငယ်လူရွယ်များ ကျွမ်းကျင်မှု တစ်ခုခုကိုရရှိပြီး လုပ်ငန်းခွင်တွင်ပါဝင် လုပ်ကိုင်နိုင်မှ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုအထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကာလတွင် အစိုးရနည်းပညာကောလိပ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ၊ အစိုးရနည်းပညာ အထက်တန်းကျောင်းများနှင့် သက်မွေးပညာ သင်တန်းကျောင်းများ ယာယီပိတ်ထားရသည့် အခြေအနေတွင် ဆရာ၊ ဆရာမများ၊ နည်းပြများ၏ ကျွမ်းကျင်မှုနှင့် အရည်အသွေး မြင့်မားစေရေးသင်တန်းများကို Online စနစ်သော်လည်းကောင်း၊ သက်ဆိုင်ရာကျောင်း အလိုက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ သတ်မှတ်ချက်များ (Physical Distancing နှင့် လိုက်နာဆောင်ရွက်ရန်အချက်များ) နှင့်အညီ သင်တန်းများဖွင့်လှစ်၍ လေ့ကျင့်ပေးရန်အရေးကြီးပါကြောင်း။

 

လတ်တလောကာလတွင် လုပ်ငန်းခွင်လိုအပ်ချက်ဖြစ်နေသော Banking၊ Accounting ၊ Logistic နှင့် ဘာသာစကားသင်တန်းများကို Online စနစ်အသုံးပြု၍ လေ့ကျင့်ပေးရန်နှင့် သက်ဆိုင်ရာလုပ်ငန်းခွင် များတွင် အလုပ်သင်သင်တန်းများ လေ့ကျင့်ပေးနိုင်ရေးကို ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ညှိနှိုင်းပြီး သင်တန်းများ အမြန်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဒေသလုပ်ငန်းခွင် ကျွမ်းကျင်မှု သင်တန်း (Pre-Service,In-Service)၊ ကာလတို၊ ပုံမှန်လုပ်ငန်းခွင်နှင့် ဆက်စပ်၍ အကျိုးရှိမည့် သင်တန်းများ၊ ပေါင်းကူး၍ တစ်သက်တာသင်ယူနိုင်သော အခွင့်အလမ်းများ အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နည်းပညာနှင့်သက်မွေးဆိုင်ရာ ပညာရေးနှင့် လေ့ကျင့်ရေးဥပဒေ(မူကြမ်း) အား အမြန်ပြုစုရန်လိုအပ်ပါကြောင်း၊ TVET Report များအား စုစည်းလေ့လာသုံးသပ်၍ ဆောင်ရွက်ရမည့် ကိစ္စရပ်များအား အစီအစဉ်ချမှတ်၍ ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနအောက်ရှိ ကျောင်းများအားလုံးတွင် Website, email ရှိစေရေး ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။

 

ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ဆောင်ရွက်မည့် ပညာရေးဆိုင်ရာလုပ်ငန်းများနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်၊ တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များအား တိကျစွာ လိုက်နာဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း မှာကြားသည်။

 

ယင်းနောက် အစည်းအဝေးတက်ရောက်လာသည့် ကျောင်းအုပ်ကြီးများက ဆောင်ရွက်နေသည့် ကာလတို၊ ကာလရှည်စီမံကိန်းများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က ရှင်းလင်းတင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေး၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်