မန္တလေး ၄ သြဂုတ်


အမျိုးသားပညာရေး မူဝါဒကော်မရှင်၏ ပါမောက္ခချုပ်များကော်မတီက ကျင်းပပြုလုပ်သည့် အတွေ့အကြုံရှင်းလင်းပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် မန္တလေးတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်သည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ၂၁ ရာစုတွင် မတူကွဲပြားသည့် လူ့အဖွဲ့အစည်းများတွင် လူမှုသဟဇာတဖြစ်မှုနှင့် ယုံကြည်မှုတို့သည် အရေးကြီးသကဲ့သို့ Artificial Intelligence နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရာသီဥတုဖောက်ပြန်မှုတို့၏ အကျိုးဆက်ကြောင့် အရည်အသွေးရှိသော ပညာရေးဖြင့် တစ်သက်တာသင်ယူရန်နှင့် ကျွမ်းကျင်မှုစွမ်းရည်ရှိရန် အရေးကြီးပါကြောင်း၊ OECD မှထုတ်ဝေသော Trends Shaping Education 2019 အစီရင်ခံစာတွင် အာရှဒေသ သို့မဟုတ် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများသည် ကမ္ဘာ့စီးပွားရေးအင်အားကြီးသည့် နိုင်ငံများအဖြစ်သို့ ဦးတည်ဖွံ့ဖြိုးတိုးတက်လာနေပါကြောင်း၊ ထို့ကြောင့် ဂလိုဘယ်လိုက် ဇေးရှင်း၊ ဒီမိုကရေစီ၊ လုံခြုံရေး၊ သက်ကြီးဦးရေတိုးပွားလာခြင်း၊ ၂၁ ရာစုယဉ်ကျေးမှု စသည်တို့၏ စိန်ခေါ်မှုများကိုရင်ဆိုင်နိုင်သော အရည်အသွေးရှိသည့် ပညာရေးစနစ် ဖြစ်ထွန်းလာရန် အရေးကြီးပါကြောင်း ပြောကြားသည်။


ထို့နောက် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ တင်အောင်နှင့် ပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုး တို့က  အမှာစကား ပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ အတွေ့အကြုံရှင်းလင်းပွဲသို့ တက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။


ထို့နောက် စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာစောပြုံးနိုင်က “Teaching for Tomorrow” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ကွန်ပျူတာတက္ကသိုလ် (မန္တလေး)မှ ပါမောက္ခချုပ် ဦးကျော်စွာစိုးက “Effect of Digitalization on Higher Education” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရတနာပုံတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ မောင်မောင်နိုင်က “Internationalization of Higher Education” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာ ကြည်စိုးက “University link for Industry Engagement” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မန္တလေးနည်းပညာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာဆင့်စိုးက “Comprehensive University” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က “Internal Quality Assurance” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက “Research Capacity Building in Universities” ခေါင်းစဉ်ဖြင့် လည်းကောင်း ရှင်းလင်း တင်ပြကြသည်။


ယင်းနောက် အုပ်စုငယ်များခွဲ၍ ခေါင်းစဉ်အလိုက်ဆွေးနွေးကြပြီး အဖွဲ့ကိုယ်စားပြု ကိုယ်စားလှယ်တစ်ဦးက ဆွေးနွေးမှုရလဒ်များကို တင်ပြရာ အတွေ့အကြုံရှင်းလင်းပွဲ တက် ရောက်လာကြသူများက ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ချမှတ်ကြ ကြောင်း သိရသည်။ 


(သတင်းစဉ်)

 

2