နေပြည်တော် ၂၇ အောက်တိုဘာ

 

ပညာရေးဝန်ကြီးဌာနဝန်ကြီးရုံးနှင့် ရန်ကုန်စီးပွားရေးတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ် သော စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ မဟာဘွဲ့နှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ မဟာဘွဲ့ သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ အဆင့်မြင့်ပညာဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပသည်။

 

1

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယခုသင်တန်းကို နိုင်ငံတော်အစိုးရရုံးဌာနများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ ပုဂ္ဂလိကလုပ်ငန်းများမှ အရာရှိကြီးများကို ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ပြည်သူ့ရေးရာမူဝါဒများကို နားလည်သိရှိပြီး လုပ်ငန်းခွင်များတွင် ပြည်လည်အသုံးချနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်လာသော စီးပွားရေးစနစ်များနှင့်အညီ နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းများကို စီမံခန့်ခွဲသော ပညာရပ်များသည် အရေးကြီးပါကြောင်း၊ သင်ကြားပို့ချရာတွင် ဆရာဆရာမများ၏ ပို့ချမှုများအပြင် သင်တန်းသားများ၏ Individual Assignments, Presentations, Group Work , Group Assignments နှင့် Group Presentations တို့ကို ထည့်သွင်းထားသည့်အတွက် တစ်ဦးချင်း၏ အရည်အသွေး မြင့်မားလာစေရုံ သာမက အတန်းသားအချင်းချင်း စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ တာဝန်ခွဲဝေမှု၊ တာဝန်ယူမှုနှင့် တာဝန်ခံမှုများကို နားလည်သိရှိ အသုံးချလာနိုင်မည်ဖြစ် ကြောင်း ပြောကြားသည်။

           

ထို့နောက် ရန်ကုန်စီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ဝင်းက အမှာ စကားပြောကြားပြီး EMPA ကျောင်းသားဟောင်းတစ်ဦးက ကြိုဆိုနှုတ်ခွန်းဆက် စကားပြော ကြား၍ EMPA ကျောင်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

           

အဆိုပါ စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲမှုပညာ မဟာဘွဲ့(EMPA)သို့ သင်တန်းသား သင်တန်းသူ (၄၇)ဦးနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုပညာ မဟာဘွဲ့(EMBA)သို့ သင်တန်းသား သင်တန်းသူ (၄၉)ဦးတို့က (၂)နှစ်ကြာ တက်ရောက်ကြမည်ဖြစ်ကြောင်းသိရသည်။ 

 

သင်တန်းဖွင့်ပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးတင်ထွန်း၊ နေပြည်တော် ဒုတိယမြို့တော်ဝန် ဦးရဲမင်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

(သတင်းစဉ်)