ရန်ကုန် ၁၂ ဇန်နဝါရီ
၂၀၂၀ ပြည့်နှစ် Students Festival Myanmar 2020 ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ယခုအခမ်းအနားသည် အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ နိုင်ငံတကာသင်ရိုးသင်ကျောင်းများ (International Schools) ပထမဆုံးအကြိမ် ပေါင်းစည်းကျင်းပသည့်အတွက် မြန်မာ့ပညာရေးတွင် ထူးခြားသော ကျောင်းသားပွဲတော်တစ်ခုဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် မည်သည့်ခွဲခြားဆက်ဆံမှုမျှမရှိ၊ အားလုံးပါဝင်မှုကို အဓိကဆောင်ရွက်ပြီး မည်သူတစ်ဦးတစ်ယောက်မျှ မကျန်စေရဟူသော ပညာရေးမူဝါဒကို အမြဲလက်ကိုင်ထား ဆောင်ရွက်လျက်ရှိကြောင်း၊ ကျောင်းသားများကို နိုင်ငံသားကောင်းများဖြစ်အောင် လေ့ကျင့်ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်မှုသည် အရေးကြီးပါကြောင်း၊ တစ်ဦးချင်းစီ၏ စိတ်ဓာတ်ကောင်းများကို ဖွံ့ဖြိုးတိုးတက်လာစေရန် လေ့ကျင့်သင်ယူရန် လိုအပ်ပါကြောင်း။
ယနေ့အခမ်းအနား၏ အဓိကဆောင်ပုဒ်ဖြစ်သော “ကျွန်ုပ်တို့ အားလုံးသည် ကျောင်းသားများဖြစ်ကြသည် WE ALL ARE STUDENTS” ဆိုသည့်အတိုင်း ကျောင်းသားများအားလုံး ညီညီညွတ်ညွတ် ချစ်ချစ်ခင်ခင် စုပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ သင်ယူမှုလုပ်ငန်းများကို ဇုန်(၅)ဇုန်ခွဲ၍ ဆောင်ရွက်မည်ဟုသိရသဖြင့် ထိုဇုန်များတွင် ကျောင်းသား ကျောင်းသူများအချင်းချင်း ပူးပေါင်းသင်ယူကြရန်နှင့် ကျောင်းသင်ခန်းစာတစ်ခုအနေဖြင့် Project Based Learning ကို ထည့်သွင်းဆောင်ရွက်ကြရန် အရေးကြီးပါကြောင်း၊ Students Festival Myanmar 2020 ကို ဦးစီးဆောင်ရွက်ပေးသည့် ကိုယ်ပိုင်ကျောင်းများအသင်း ဥက္ကဋ္ဌ ဆရာကြီးဦးနေအုပ်နှင့် နိုင်ငံတကာကျောင်းအသင်းမှ တာဝန်ရှိသူများ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဋ္ဌ ဦးနေအုပ်တို့က အမှာစကားပြောကြားကြသည်။
ထို့နောက် Students Festival Myanmar 2020 ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ရန်ကုန်တိုင်းဒေသကြီး ကိုယ်ပိုင်ကျောင်းများအသင်း ဥက္ကဋ္ဌ ဦးနေအုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စိန်ရတုခန်းမအတွင်း ကျောင်းသားကျောင်းသူများ၏ ဖျော်ဖြေတင်ဆက်မှုများနှင့် ပညာရေးဆိုင်ရာ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
Students Festival Myanmar 2020 ကို အခြေခံကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများ၊ နိုင်ငံတကာသင်ရိုးသင်ကျောင်းများမှ ကျောင်းသားကျောင်းသူအချင်းချင်း အပြန်အလှန်တွေ့ဆုံပြီး လှုပ်ရှားမှုများကို ပူးပေါင်းဆောင်ရွက်စေရန်၊ ကျောင်းသားကျောင်းသူအချင်းချင်း အသိပညာဖလှယ်ကြပြီး ချစ်ခင်ရင်းနှီးကြစေရန်၊ ကျောင်းသားကျောင်းသူအချင်းချင်း လေ့လာသင်ယူမှု အားကောင်းစေရန်နှင့် အချင်းချင်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်တတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်