နေပြည်တော်၊ ၂၈ ဒီဇင်ဘာ
တောင်ငူတက္ကသိုလ်တွင်ကျင်းပသည့် စတုတ္ထအကြိမ်မြောက် မြန်မာနိုင်ငံ ကမ္ဘာမြေသိပ္ပံဆိုင်ရာညီလာခံ (Myanmar National Conference on Earth Sciences- MNCES, 2020) ကို ယနေ့နံနက် ၈ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပသည်။
ညီလာခံဖွင့်ပွဲအခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ ပညာရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းဥက္ကဋ္ဌ၊ သုတေသနစာတမ်းရှင်များနှင့် ဧည့်သည်တော်များ Vitual စနစ်ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံကမ္ဘာမြေသိပ္ပံဆိုင်ရာ ညီလာခံကို ၂၀၁၇ ခုနှစ်ကစတင်ပြီး တစ်နှစ်လျှင် တက္ကသိုလ်တစ်ခုစီရွေးချယ်၍ တစ်ကြိမ်စီကျင်းပလာခဲ့ရာ ယခုနှစ်၌ တောင်ငူတက္ကသိုလ်တွင် စတုတ္ထအကြိမ်မြောက် အောင်မြင်စွာကျင်းပနိုင်ခြင်းအတွက် ဝမ်းသာဂုဏ်ယူပါကြောင်း၊ တက္ကသိုလ်အသီးသီးရှိ ဘူမိဗေဒ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ၏ ညီညွတ်မှုစွမ်းအားဖြင့် ပူးပေါင်းဆောင်ရွက်မှု များကို ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ နည်းပညာဖွံ့ဖြိုးတိုးတက်မှုများနှင့်အတူ ကောင်းကျိုးများ နှင့်အတူ သဘာဝဘေးအန္တရာယ်များ၏ စိန်ခေါ်မှုများကို တစ်နေ့ထက်တစ်နေ့ ရင်ဆိုင်လာရသည့်အတွက် ယနေ့ညီလာခံ၏ ဆောင်ပုဒ်ဖြစ်သော “ဘူမိဗေဒနှင့် ကမ္ဘာမြေသိပ္ပံ သတင်းအချက်အလက်များကို ဖော်ထုတ်မျှဝေရင်း ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်ကို ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အတူလက်တွဲဖော် ဆောင်ကြစို့” သည် ယနေ့ခေတ်ကာ၏ လိုအပ်ချက်နှင့် အလွန်သင့်လျော်ကိုက်ညီမှုရှိလှပါကြောင်း။
မြန်မာနိုင်ငံကမ္ဘာမြေသိပ္ပံဆိုင်ရာ ညီလာခံများတွင် တင်သွင်းလာသော သုတေသနစာတမ်းများသည် တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်များပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ သုတေသနဆောင်ရွက်မှုသည် ဆရာ ဆရာမ အားလုံး၏ တာဝန်ဖြစ်ပါကြောင်းနှင့် တာဝန်ခံတာဝန်ယူမှုဖြင့် လက်တွေ့ကျပြီး မိမိဒေသ၊ ပြည်ထောင်စုနှင့် ကမ္ဘာကြီးအတွက် အကျိုးပြုနိုင်မည့် အကောင်းဆုံးသုတေသနရလဒ်များ ရရှိနိုင်ရေးဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ၂၀၁၇ ခုနှစ်တွင် သုတေသန စာတမ်းစုစုပေါင်း ၁၀၃ စောင်၊ ၂၀၁၈ ခုနှစ်တွင် ၁၈၄ စောင်၊ ၂၀၁၉ ခုနှစ်တွင် ၁၇၇ စောင်နှင့် ၂၀၂၀ ပြည့်နှစ်တွင် သုတေသနစာတမ်းပေါင်း ၂၄၀ ကို တင်သွင်းဖတ်ကြားမည်ဟု သိရှိရသဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ဆွေးနွေးတင်ပြကြမည့် သုတေသနများတွင် ဘူမိသိပ္ပံဘာသာရပ် များသာမက ကမ္ဘာမြေသိပ္ပံနှင့်ဆက်စပ်နေသည့် ဘာသာရပ်များပါဝင်သည်ဟု သိရှိရပါကြောင်း၊ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရန် သဘာဝအရင်းအမြစ်များ စူးစမ်းရှာဖွေမှု၊ စနစ်တကျထုတ်ယူသုံးစွဲမှု၊ ကမ္ဘာမြေပတ်ဝန်းကျင်ကို ထိခိုက်မှုနည်းနိုင်သမျှနည်းအောင်နှင့် ရေရှည်တည်တံ့ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် နည်းပညာများနှင့် ကြိုးစားလေ့လာထားသော သုတေသနစာတမ်းများကို မျှဝေဖတ်ကြားဆွေးနွေးကြမည်ဟု သိရှိရသည့်အတွက် အထူးဂုဏ်ယူပါကြောင်း။
သို့ဖြစ်ပါ၍ ညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ သုတေသနရလဒ်များကို နိုင်ငံတကာတက္ကသိုလ် များနှင့် အမြင်ချင်းဖလှယ်ခြင်းဖြင့် ပိုမို၍လက်တွေ့ကျ ကောင်းမွန်စေရေးနှင့် အခက်အခဲပြဿနာများကို လက်တွေ့ကျကျဖြေရှင်းနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်စေလိုကြောင်း၊ သုတေသနရလဒ်များကို ကျောင်းသား ကျောင်းသူများအား လက်ဆင့်ကမ်းသင်ယူစေရန်နှင့် အများပြည်သူနှင့် ပုဂ္ဂလိကကဏ္ဍများကို ဉာဏမူပိုင်ခွင့်များ နှင့်အညီ နည်းပညာများကို စနစ်တကျလွှဲပြောင်းပေးရန် အရေးကြီးပါကြောင်း၊ နည်းပညာပြောင်းလဲလာမှု၊ ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားခြင်း တို့ကြောင့် ကျောင်းသား ကျောင်းသူများအား စာသင်ကြားရာ၌ Digital Learning သည် အရေးပါလာသကဲ့သို့ Face to Face Learning သည်လည်း အစားထိုးမရ နိုင်သေးပါကြောင်း၊ Face-to-Face Teaching Learning နှင့် Hands-on Training များမှာ High-Touch Learning ဖြစ်ပြီး High-Tech Learning နှင့် လက်တွေ့ကျကျအကျိုးရှိအောင် ပေါင်းစပ်ကာ ပေါင်းစပ်သင်ယူမှု (Blended Learning) ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ထိုသို့သင်ကြားခြင်းဖြင့် ကျောင်းသားကျောင်းသူများနှင့် တစ်သက်တာလေ့လာသင်ယူသူများ အတွက် အသိပညာ၊ ဗဟုသုတ၊ ကျွမ်းကျင်မှု၊ အပြုအမူ သဘောထားများ၊ တန်ဖိုးထား မှုများမြင့်မားလာရေးအတွက် လက်ဆင့်ကမ်းမျှဝေ၍ သင်ကြားသင်ယူများပြုလုပ်ရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း။
ဆရာ ဆရာမများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ကျောင်းသား ကျောင်းသူများ ၂၁ ရာစု ကျွမ်းကျင်မှုများ ပြည့်ဝစေရေးအတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် ASEAN University Network ၊ The Erasmus+ University Network ကဲ့သို့သော နိုင်ငံတကာ သိပ္ပံအဖွဲ့အစည်းများ၊ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် အားပေးလျက်ရှိပါ ကြောင်းနှင့် စနစ်တကျ ပူးပေါင်း ဆောင်ရွက်ရန်၊ ကမ္ဘာမြေသိပ္ပံဆိုင်ရာပညာရပ်များနှင့် အထူးပြုနယ်ပယ်များ သုတေသနဆောင်ရွက်ရာတွင် သဘာဝအရင်းအမြစ်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမြှင့်တင်ရန်နှင့် လက်တွေ့ကျစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ခွင့်ပြုချက်များရယူရန်နှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ရန် အရေးကြီးပါကြောင်းနှင့် လုပ်ထုံးလုပ်နည်းများနှင့်အညီ အချိန်ယူ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အခက်အခဲများနှင့် စိန်ခေါ်မှုများတွေ့ကြုံရပါက ပူးပေါင်းဆောင်ရွက်၍ သုတေသနရလဒ်ကောင်းများရရှိစေရန်နှင့် ဒေသ၊ ပြည်ထောင်စုနှင့် ကမ္ဘာကြီးအား အကျိုးပြုနိုင်သော သုတေသနများပေါ်ပေါက်လာရေး အားပေးလိုပါကြောင်း။
နိဂုံးချုပ်အနေဖြင့် ကမ္ဘာမြေသိပ္ပံညီလာခံနှင့် ကမ္ဘာမြေကြီး၏ အသက်သွေးကြောမှာ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင် (Sustainable Development Goals - SDGs) ၁၇ ခုဖြစ်ပါကြောင်း၊ SDG-6 Clean Water and Sanitation, SDG-7 Affordable and Clean Energy, SDG-11 Sustainable Cities and Communities, SDG-13 Climate Action, SDG-14 Life Below Water, SDG-15 Life on Land တို့မှာ ကမ္ဘာမြေသိပ္ပံညီလာခံနှင့် များစွာဆက်စပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan 2018-2030) တို့နှင့် လိုက်လျောညီထွေ မှုရှိပြီး အထောက်အကူဖြစ်စေရန် ပညာရှင်များက လက်တွေ့ကျအကျိုးရှိထိရောက် ပွင့်လင်းမြင်သာမှုရှိသော အရည်အသွေးရှိသည့် သုတေသနလုပ်ငန်းများဆောင်ရွက်ပြီး သုတေသနစာတမ်းများ၊ သုတေသနညီလာခံများမှတစ်ဆင့် သုတေသနဂျာနယ်များတွင် ပုံနှိပ်ထုတ်ဝေ၍ ရလဒ်နည်းပညာများကို ကျောင်းသား ကျောင်းသူများ၊ စက်ရုံအလုပ်ရုံ၊ အများပြည်သူနှင့် ပုဂ္ဂလိဂကဏ္ဍများ အကျိုးရှိစေရေးအတွက် မျှဝေပေးနိုင်ပါစေကြောင်းနှင့် အထောက်အကူဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း၊ ကမ္ဘာမြေသိပ္ပံ ညီလာခံ၏ အောင်မြင်မှုသည် ဘူမိဗေဒဘာသာရပ်တွင် အထူးပြုကြသူများ၊ ဆက်စပ်သူများနှင့် ပညာရှင်များ အားလုံး၏ အောင်မြင်မှုဖြစ်ပါသဖြင့် ဆက်လက်ထိန်းသိမ်းမြှင့်တင်ကြစေလိုကြောင်းနှင့် သုတေသန ရလဒ်ကောင်းများရရှိရေး စွမ်းဆောင်နိုင်ကြပါစေကြောင်း ပြောကြားသည်။
ဆက်လက်၍ တောင်ငူတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်း၊ မြန်မာနိုင်ငံဘူမိသိပ္ပံအသင်းဥက္ကဋ္ဌ ဒေါက်တာ Sone Han တို့က အသီးသီးကြိုဆိုနှုတ်ခွန်း ဆက်စကားပြောကြားကာ မြန်မာနိုင်ငံ ကမ္ဘာမြေသိပ္ပံဆိုင်ရာညီလာခံ ကျင်းပရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာစောငွေခိုင်က ကမ္ဘာမြေသိပ္ပံကော်မတီအကြောင်း အကျဉ်းချုပ်တင်ပြသည်။ အဆိုပါညီလာခံကို ဒီဇင်ဘာ ၂၈ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


