စစ်ကိုင်း ၂ သြဂုတ်
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် စစ်ကိုင်းပညာရေး တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တွေ့ဆုံပွဲကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းပညာရေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစောပြုံးနိုင်က စစ်ကိုင်း ပညာရေး တက္ကသိုလ်၏ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ပညာရေးပြုပြင်ပြောင်းလဲမှုကို သုတေသန အခြေခံအချက်အလက် အထောက်အထားများပေါ်တွင် မူတည်ပြီး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ၂၁ ရာစုနှင့်လိုက်လျောညီထွေဖြစ်သော အရည်အသွေးရှိသည့် ပညာရေးပြုပြင် ပြောင်းလဲမှုဖြစ်သည်ကို အသိပေးပြောကြားလိုပါကြောင်း၊ ယခုလို ပညာရေး ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ရာတွင် ထိရောက်ပွင့်လင်းမြင်သာစွာ အကောင်အထည်ဖော်နိုင်ရန် အမျိုးသားပညာရေးမဟာ ဗျူဟာစီမံကိန်း(၂၀၁၆-၂၀၂၁)နှင့် မြန်မာနိုင်ငံ၏ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်(၂၀၁၈-၂၀၃၀) တွင်ဖော်ပြထားသည့် မျှော်မှန်းရလဒ်များကို ပြည့်မီအောင် ပြုပြင်ပြောင်းလဲဆောင်ရွက်လျက်ရှိပါကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ဦးစားပေးလုပ်ငန်း(၁၂)ခုကို အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပြီး အခြေခံမူဝါဒဖြစ်သည့် မည်သည့်ခွဲခြားမှုမျှမရှိရေး၊ ပညာသင်ကြားခွင့်ရရှိရန် မည်သူ တစ်ဦးတစ်ယောက်ကိုမျှချန်မထားရေး၊ ကျောင်းထွက်သူပပျောက်ရေးတို့ကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ မျှော်မှန်းရလဒ်အနေဖြင့် လူသားကောင်းများ မွေးထုတ် ပေးနိုင်ရေး၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် နားလည်မှု၊ လေးစားမှု၊ ကူညီတတ်သည့် အလေ့အကျင့်ကောင်းများ ပြုစုပျိုးထောင်ပေးရေး၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အသင်းအဖွဲ့ စိတ်ဓာတ်များ လေ့ကျင့်ပေးရေး၊ တာဝန်ခံ တာဝန်ယူမှုဖြင့် မိမိတို့၏တာဝန်ကို အကောင်းဆုံးဆောင်ရွက်နိုင်ပြီး ဆန်းသစ်တီထွင်ဖန်တီးနိုင်စွမ်းရှိပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကျောင်းသား ကျောင်းသူများမွေးထုတ်ပေးနိုင်ရေးတို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများကို သိရှိလိုသည်များကို မေးမြန်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက် ၉ နာရီကလည်း မန္တလေး တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပသည့် မျိုးဆက်သစ်လူရည်ချွန်များအဖွဲ့(ဗဟို)မှ ကျင်းပသော Welcome Conference and Gathering Camp 2019 အခမ်းအနားသို့တက်ရောက် အမှာစကားပြောကြားရာတွင် ထူးချွန်သူများကို ပိုမိုထူးချွန်စေရန် ပံ့ပိုးပေးလိုပါကြောင်း၊ နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည့်အတွက် ပညာရပ်များကို နက်နက်နဲနဲနှင့် တစ်သက်တာ သင်ယူကြရန် စနစ်တကျသင်ကြားသင်ယူလေ့ကျင့်ရမည် ဖြစ်ပါကြောင်း၊ တန်ဖိုးထားရမည့် စံနှုန်းများကိုလည်း အထူး အလေးထားလေးစားလိုက်နာရန်လိုအပ်ပါကြောင်း၊ ထူးချွန်သူများအနေဖြင့် ဆရာ ဆရာမများ အဖြစ် ဆောင်ရွက်မှသာ မိမိထက်တော်သော ထူးချွန်သောသူများကို မွေးထုတ်ပေးနိုင်မည်ဖြစ်ပါသဖြင့် ဆရာ ဆရာမ အလုပ်ကို လုပ်ဆောင်ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတက္ကသိုလ် အင်းဝ(၉) ဆောင်တွင် ကျင်းပသည့် ဆရာကြီး ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်၏ Education Leadership and Management ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်


