နေပြည်တော် ၁၀ ဇွန်

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန  အစည်းအဝေးခန်းမ၌ Video Conferencing ဖြင့်ကျင်းပသော အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရေး ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ဆွေးနွေးသည်။

 

အဆိုပါဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ လူမှုရေးဝန်ကြီးများ၊ အမျိုးသားပညာရေးမူဝါဒကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေး ဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ သက်ဆိုင်ရာ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးကြသည်။

 

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ဇူလိုင်လအတွင်း အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် အထက်တန်းအဆင့်ကို ဉီးစွာဖွင့်လှစ်ပြီး တွေ့ကြုံရမည့် အားနည်းချက်၊ လိုအပ်ချက်များကို ပြင်ဆင်ကာ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်များကို တစ်ဆင့်ချင်းစီ ဆက်လက်ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းသို့ ဖွင့်လှစ်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်တားဆီးရေးဆိုင်ရာ ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်သွားရန်အရေးကြီးပါကြောင်း၊ ကျောင်းသို့မလာမီနှင့် လာရောက်စဉ် မိဘနှင့် ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် အချက်များ၊ ကျောင်းသို့ရောက်ရှိပြီး စာသင်ကြားချိန်တွင် ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် အချက်များ၊ မုန့်စားနားချိန်နှင့် ထမင်းစားနားချိန်တွင် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် အချက်များ၊ စာသင်ကြားပြီး ကျောင်းမှအပြန်တွင် မိဘနှင့် ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် အချက်များ၊ ကျောင်းတွင်းရှိ စာသင်ခန်းများတွင် ပြင်ဆင်ထားရှိရမည့် အချက်များကို သတင်းစာများတွင် ဖော်ပြအသိပေးလျက်ရှိပါကြောင်း။

 

ဉီးစားပေးစီစဉ်ဆောင်ရွက်ရမည့် ကိစ္စရပ်များအနေဖြင့် သင်ယူမှုမဆုံးရှုံးစေရန် အလေးထား ကာကွယ်ရေး၊ ကျန်းမာရေးနှင့်ညီညွတ်၍ လုံခြုံဘေးကင်းရန်အတွက် စီမံဖြေရှင်း ဖြည့်ဆည်းဆောင်ရွက်ရေး၊ ကျောင်းသား၊ဆရာ တစ်ဉီးနှင့်တစ်ဉီး အနည်းဆုံး (၆)ပေ ကွာခြား၍ သင်ကြားသင်ယူမှုများ ဆောင်ရွက်နိုင်ရေး၊ လူအုပ်စု မဖြစ်ပေါ်စေရန် လျှော့ချရေး၊ အတန်းလိုက် ကျောင်းတက်ချိန် ကျောင်းဆင်းချိန်များ အချိန်လုံလောက်စွာခွာ၍ သတ်မှတ်ပေးရေး၊ ကျောင်းများပြန်လည်ဖွင့်လှစ်ပါက လုံခြုံဘေးကင်းရေး၊ အထူးသဖြင့် ကျောင်းသူများနှင့် ဆရာမများအား လူမှုကာကွယ် စောင့်ရှောက်ပေးရေး၊ ကျောင်းထွက်မှု အနည်းဆုံးဖြစ်ရေး၊ သင်ယူတတ်မြောက်မှု ပြန်လည်ကောင်းမွန်လာရေး၊ သင်ယူမှုအခွင့်အလမ်းများ ပိုမိုမျှတစွာ တိုးတက်ကောင်းမွန်လာရေးနှင့် အရည်အသွေး ပိုမိုကောင်းမွန် လာစေရေးအတွက် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပါကြောင်း။

 

နိုင်ငံတစ်ဝန်း အထက်တန်းအဆင့်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာတွင် ကျောင်းအရေအတွက်အနေဖြင့် တစ်သုတ်တက်ကျောင်း ၆၁၇ ကျောင်း၊ တစ်ပတ်ခြား တက်ကျောင်း ၂၄၇၁ ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ်တက်ကျောင်း ၂၄၀၁ ကျောင်း၊ တစ်ပတ်ခြား နှစ်သုတ်သုံးရက်တက်ကျောင်း ၁၄၄ ကျောင်း ဖွင့်လှစ်နိုင်မည်ဟု စိစစ်ခန့်မှန်းထားပါကြောင်း ၊ကျောင်းများပြန်လည်ဖွင့်လှစ်ချိန်တွင် ဆရာများနှင့် ကျောင်းသားများအားလုံး ပြန်လည်အသုံးပြုနိုင်သော အဝတ်နှာခေါင်းစည်း နှစ်ခုစီနှင့် မျက်နှာကာ တစ်ခုစီ အခမဲ့ဖြန့်ဝေသကဲ့သို့ ကျောင်းသုံးဖတ်စာအုပ်များ၊ ဗလာစာအုပ်များ စသည်တို့ကို အခမဲ့ဖြန့်ဝေပေးသွားရန် စီစဉ်လျက်ရှိပါကြောင်း။

 

အခြေခံပညာဆရာ၊ဆရာမများ ရာထူးတိုးခြင်း၊ ပြောင်းရွေ့ခြင်း၊ ခန့်ထားခြင်းတို့ကို တိုင်းရင်းသားဒေသခံများကို ဉီးစားပေး၍ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျောင်းများ ပြန်လည်မဖွင့်လှစ်မီ အချိန်မီပြီးစီးအောင် စီစဉ်ဆောင်ရွက်နေပါကြောင်းနှင့် ဆရာ၊ ဆရာမများ တာဝန်ကျရာ နေရာဒေသများသို့ အဆင်ပြေစွာ သွားရောက်တာဝန် ထမ်းဆောင်နိုင်ရေးအတွက် လိုအပ်သည်များ ပံ့ပိုးကူညီပေးပါရန် မေတ္တာရပ်ခံလိုပါကြောင်း။

 

သင်ရိုးညွှန်းတမ်းများနှင့် သင်တန်းများအတွက် စီစဉ်ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ သင်ရိုးသစ် G-4,G-7,G-10 ကျောင်းသုံးဖတ်စာအုပ်အသစ်များ၊ ဆရာလမ်းညွှန် စာအုပ်အသစ်များ၏ ကာလတိုသင်ကြားသင်ယူမှု နည်းလမ်းများ၊ မွမ်းမံသင်တန်းများ (On-line Training အပါအဝင်) အတွက်လည်း အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီမှ တာဝန်ရှိသူများနှင့် ပူးပေါင်းလျက် ယခု ပညာသင်နှစ်အတွက် စီစဉ်ဆောင်ရွက်မှုများနှင့် ကိုက်ညီသော သင်ရိုးမာတိကာ၊ သင်ခန်းစာများ စီစဉ်ဆောင်ရွက်သွားကြမည် ဖြစ်ပါကြောင်း၊ Home Assignment ပေး၍ သင်ယူတတ်မြောက်မှုကောင်းမွန်ရေးကို အထောက်အကူပြုနိုင်ရန် အတွက်လည်း မိဘများ ပူးပေါင်းပါဝင်လာရေးကို အားပေးကာ ကာလတိုသင်တန်းများ စီစဉ်ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

 

ကျန်းမာရေးအသိပညာပေးဆိုင်ရာ မွမ်းမံသင်တန်းများ၊ စကားဝိုင်းဆွေးနွေးပွဲများ၊ ပညာပေးဆောင်းပါးများ စီစဉ်ဆောင်ရွက်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား အာဟာရ တိုက်ကျွေးခြင်း၊ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ခြင်း၊ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းနှင့်  ကျောင်းအပ်နှံသီတင်းပတ်တွင် လိုက်နာဆောင်ရွက်ကြရမည့် လုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် လူမှုရေးဝန်ကြီးများအနေဖြင့် မိဘအုပ်ထိန်းသူ၊ ဆရာ၊ ဆရာမ၊ ပြည်သူများအားလုံးနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါကြောင်းဖြင့် ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက အမှာစကားပြောကြားသည်။

 

ယင်းနောက် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် လူမှုရေးဝန်ကြီးများနှင့် တက်ရောက်လာသူများက အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး စီစဉ်ဆောင်ရွက်မှု အခြေအနေများနှင့်စပ်လျဉ်း၍  ဆွေးနွေးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ရှင်းလင်းညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်