နေပြည်တော်၊ စက်တင်ဘာ ၂၇
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်နင်းမြို့၌ ယနေ့တွင် ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် ၂၀၂၁ခုနှစ်၊ တရုတ်-အာဆီယံ အသက်မွေး ဝမ်းကျောင်း ပညာရေးပြပွဲနှင့် ဖိုရမ်ကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် တက်ရောက်၍ Video Message ဖြင့် အမှာစကားပြောကြားသည်။
ဆွေးနွေးပွဲ၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် သက်မွေးပညာရေးစနစ်သည် အလုပ် အကိုင်အခွင့်အလမ်းကို ဦးတည်ပြုသော အသက်မွေးဝမ်းကျောင်းပညာရေးဖြစ်ပါကြောင်း၊ လုပ်ငန်းခွင် အတွက် လိုအပ်နေသော ကျွမ်းကျင်မှု အရည်အချင်းများပြည့်ဝသည့် လုပ်သားများကို မွေးထုတ်ပေး နိုင်ခြင်းသည် စက်မှုလုပ်ငန်းတိုးတက်ဖွံ့ဖြိုးမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချပေး နိုင်ခြင်းတို့ကို အထောက်အပံ့ပြုပါကြောင်း၊ သို့သော် ယခုအခါ နေ့စဉ်နှင့်အမျှ နည်းပညာအသစ်များ တိုးတက်ပြောင်းလဲ ဖြစ်ပေါ်လျက်ရှိပါသဖြင့် အချို့သော အသက်မွေးဝမ်းကျောင်းနယ်ပယ်များတွင် အလုပ်အကိုင်သစ်များ ပေါ်ထွက်လာပြီး ကျွမ်းကျင်မှု အသစ်များလည်း လိုအပ်လာပါကြောင်း။
သို့ရာတွင် ဤသို့ လုပ်ငန်းခွင်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သော ကျွမ်းကျင်လုပ်သား များ မွေးထုတ်ရေး ဆောင်ရွက်ရာ၌ နိုင်ငံများစွာတွင် စိန်ခေါ်မှုများ ရှိပါကြောင်း၊ ထိုကဲ့သို့ ဆောင်ရွက်ရာတွင် ကဏ္ဍပေါင်းစုံမှ အားကောင်းစွာ ပူးပေါင်းပါ၀င်ဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊ အစိုးရများ၊ စက်မှုလုပ်ငန်းများ၊ စီးပွားရေး လုပ်ငန်းများ၊ လူမှုအသိုင်းအဝိုင်းများ၏ အမြင်များ၊ ပံ့ပိုးကူညီမှုများ၊ ရန်ပုံငွေထောက်ပံ့မှုများသည် သင့်လျော်သည့် သက်မွေးပညာရေး စနစ်ကို ချမှတ်ဆောင်ရွက်ရန် အဓိက လိုအပ်ချက်ဖြစ်ပါကြောင်း၊ ဒေသတွင်းပူးပေါင်းဆောင်ရွက် မှုသည် အဆိုပါကိစ္စရပ်များကို ဖြေရှင်းဆောင် ရွက်ရန်အတွက် နည်းလမ်းတစ်ခုဖြစ်ပါကြောင်း၊ သို့ဖြစ်၍ တရုတ်-အာဆီယံ အသက်မွေးဝမ်းကျောင်း ပညာရေးပြပွဲနှင့် ဖိုရမ်သည် ဒေသတွင်း စီးပွားရေးကို ပိုမိုတိုးမြှင့်ပူးပေါင်း လုပ်ဆောင်ရန်နှင့် အရည်အချင်းပြည့်ဝသော လုပ်သားများ ပေါ်ထွက်လာစေရန် အထောက်အပံ့ပြုသဖြင့် ကြိုဆိုပါကြောင်း၊ ဤဖိုရမ်သည် တရုတ်-အာဆီယံ အသက်မွေးဝမ်းကျောင်းပညာရေး ရေရှည်ပူးပေါင်း ဆောင်ရွက်မည့် နည်းလမ်းများကို မြှင့်တင်ရန်၊ အလေ့အကျင့်ကောင်းများကို ဝေမျှဆွေးနွေးရန် ပုံစံအမျိုးမျိုးဖြင့် အသေး စိတ် လက်တွေ့ကျကျ လေ့လာဆန်းစစ်ဆွေးနွေးကြမည်ဟု မျှော်လင့်ပါကြောင်း၊ တရုတ်နှင့် အာဆီယံတို့၏ ပူးပေါင်း ကြိုးပမ်းမှုဖြင့် ဤဖိုရမ်သည် အပြန်အလှန်လေ့လာသင်ယူမှုကို မြှင့်တင်သည့် ပူးပေါင်း ဆောင်ရွက်မှု၏ စံနမူနာကောင်းများကိုပြသပြီး နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ရလဒ်များအတွက် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်များကို ဆက်လက်အကောင်အထည်ဖော် ကြိုးပမ်း ဆောင်ရွက်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပညာရေးဝန်ကြီး ဌာနမှ ကိုယ်စားလှယ်၊ အာဆီယံနိုင်ငံများမှ ပညာရေးဆိုင်ရာအရာရှိများနှင့် ကွမ်းရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသမှတာဝန်ရှိသူတို့က အမှာစကားများ ပြောကြားခဲ့ ကြသည်။
တရုတ်- အာဆီယံသက်မွေးပညာဆိုင်ရာဆွေးနွေးပွဲသို့ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတ နိုင်ငံနှင့် ဘရုနိုင်းဒါရုစလင်နိုင်ငံတို့မှ ပညာရေးနှင့်သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဝန်ကြီးများ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်းရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများရှိ ကောလိပ်(၁၀၀)ကျော်မှ ကိုယ်စားလှယ်များနှင့် တရုတ်-အာဆီယံ သက်မွေးပညာသင်တန်း သားများ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုင်းကျော်နိုင်ဦးနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ နေမျိုးထွန်းတို့လည်း ဗွီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)