နေပြည်တော်၊ ဒီဇင်ဘာ ၁၂

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) နှင့် မော်တော်ယာဉ် နည်းပညာသုတေသနဌာန (ပြင်ဦးလွင်) ကိုရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဌာနတာဝန်ခံများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ကျောင်းအုပ်ကြီးနှင့် ဌာနတာဝန်ခံတို့က ကျောင်းဆိုင်ရာအချက်အလက်များ၊ သင်ကြား သင်ယူမှုဆိုင်ရာကိစ္စရပ်များ၊ သုတေသနဆောင်ရွက်နေမှုများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အရေးအကြီးဆုံးကဏ္ဍမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဆရာ၊ ဆရာမများ အနေဖြင့် မျိုးဆက်သစ် ကျောင်းသားကျောင်းသူများကို မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ရှိစေရန်နှင့် ကျင့်ဝတ်များ လေးစားလိုက်နာသော နိုင်ငံသားကောင်းများ ဖြစ်လာစေရေးအတွက် လေ့ကျင့်ပြုစု ပျိုးထောင်ပေးကြရမည်ဖြစ်ပါကြောင်း၊ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတတ်စေရန် သုတေသနလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်း မှာကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံ (ပြင်ဦးလွင်) နှင့် မော်တော်ယာဉ် နည်းပညာသုတေသနဌာန (ပြင်ဦးလွင်)ရှိ ဝန်ထမ်းအိမ်ရာများကို လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

 

သတင်းစဉ်