နေပြည်တော် ဇွန် ၁၈
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့ရှိ နည်းပညာတက္ကသိုလ်(မအူပင်)နှင့် ကွန်ပျူတာ တက္ကသိုလ်(မအူပင်)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဇွန် ၁၇ ရက် မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဧရာဝတီတိုင်းဒေသကြီး လူမူရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ တာဝန်ရှိသူများနှင့်အတူ ကွန်ပျူတာတက္ကသိုလ်(မအူပင်) အစည်းအဝေးခန်းမ၌ ကျင်းပ သည့် နိုင်ငံတကာ Polytechnic University များ အကြောင်း ရှင်းလင်းဆွေးနွေးပွဲသို့ တက် ရောက်၍ အမှာစကား ပြောကြားသည်။
ထို့နောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုင်းကျော်နိုင်ဦး က Polytechnic University ၏ သဘောသဘာဝနှင့် ဖြစ်ပေါ်လာမည့် အားသာချက်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက် လာကြသော ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည် များကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ဌာနခန်းများ၊ စာသင်ခန်းများ၊ Lab ခန်းများ၊ စာကြည့်တိုက်၊ ကွန်ပျူတာခန်း၊ ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်တည်ဆောက်ပြီးစီးမှု၊ တက္ကသိုလ်ဝန်းအတွင်း သန့်ရှင်းသာယာရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဇွန် ၁၈ ရက်နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင်များနှင့်အတူ နည်းပညာတက္ကသိုလ် (မအူပင်) အစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံတကာ Polytechnic University များ အကြောင်းရှင်း လင်းဆွေးနွေးပွဲသို့ တက်ရောက်၍ အမှာစကား ပြောကြားသည်။
ထို့နောက် အမြဲတမ်းအတွင်းဝန်က Polytechnic University ၏ သဘောသဘာဝနှင့် ဖြစ်ပေါ်လာမည့် အားသာ ချက်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသော ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြား ကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ ကွန်ပျူတာခန်း၊ စက်ပစ္စည်းများ၊ စာကြည့်တိုက်၊ အလုပ်ရုံများ၊ အားကစားရုံနှင့်အားကစားကွင်းများ၊ ကျောင်းသား၊ ကျောင်းသူများ၏ အိပ်ဆောင်နှင့် တက္ကသိုလ်ဝန်းအတွင်း သန့်ရှင်းသာယာရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း တို့သည် Polytechnic University တွင် ထည့်သွင်းတိုးချဲ့တည်ဆောက်မည့် ကျောင်းသား၊ ကျောင်းသူအဆောင်၊ Recreation Centre၊ ဆရာမအပျိုဆောင်၊ ပါမောက္ခအိမ်ယာ၊ ဒုတိယပါမောက္ခ အိမ်ယာ၊ အရာရှိအိမ်ယာများ၏ ဒီဇိုင်းပုံစံများကိုကြည့်ရှုပြီး အနာဂတ်ဖြစ်ပေါ်လာမည့် လိုအပ်ချက်များနှင့်အညီ တင်ပြဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


