နေပြည်တော်၊ စက်တင်ဘာ ၄

 

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် စက်တင်ဘာ ၂ ရက်တွင် နည်းပညာမြှင့်တင်ရေးသင်တန်းဌာန (ဘယ်လင်း)သို့ ရောက်ရှိပြီး သင်တန်းခန်းမများ၊ မြို့ပြအင်ဂျင်နီယာ ဌာန၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ဌာန၊ အီလက်ထရောနစ် အင်ဂျင်နီယာဌာန၊ သုတနည်းပညာအင်ဂျင်နီယာ ဌာန၊ မော်တော်ယာဉ်နည်းပညာ အင်ဂျင်နီယာဌာန၊ စက်မှုပုံစံပြုနှင့် CNC ဌာနများသို့ သွားရောက်၍ တပ်ဆင်ဆောင်ရွက် ထားသည့် LAB ခန်းများ၊ စက်ပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်စေရန် လေ့ကျင့်သင်ကြားဆောင်ရွက်နိုင်စေရန် စီစဉ်ထားရှိမှုများ၊ သင်တန်းသား အိပ်ဆောင်များနှင့် စာသင်ဆောင်များကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ သင်တန်းခန်းမ၌ ကျောင်းအုပ်ကြီးနှင့် ပါမောက္ခဆရာ၊ ဆရာမများ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ၀န်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတတ်ရန် သက်ဆိုင် ရာနယ်ပယ်အလိုက် အရည်အသွေးပြည့်ဝသည့် လုပ်သားများရှိရန်လိုကြောင်း၊ သင်တန်းသားများကို ပြုစု ပျိုးထောင်ပေးမည့် ဆရာ/ဆရာမများ၏ စွမ်းဆောင်ရည်မြှင့်တင်မှုသင်တန်းများ စဉ်ဆက်မပြတ် ဆောင်ရွက် ရန်သွားရမည်ဖြစ်ကြောင်း၊ သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကောင်းဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းအကောင် အထည်ဖော်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စဉ်ဆက်မပျက် e-Learning Online စနစ်သင်ကြားသင်ယူမှု များကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်နေရမည်ဖြစ်ကြောင်း ပြောကြားပြီး လိုအပ်သည်များကို မှာကြားသည်။

 

စက်တင်ဘာ ၃ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် သုတေသနဌာနများ၊ နည်းပညာတက္ကသိုလ် (ကျောက်ဆည်)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ကျောက်ဆည်) သို့ သွားရောက်ပြီး သုတေသနဆောင်ရွက်နေမှု အခြေအနေများ၊ သင်ကြားသင်ယူမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)