နေပြည်တော် စက်တင်ဘာ ၃
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် တောင်ကြီးမြို့ရှိ နည်းပညာတက္ကသိုလ် (တောင်ကြီး)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(တောင်ကြီး)အား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အဆိုပါ တက္ကသိုလ်နှင့် အထက်တန်းကျောင်းတို့အား ကြည့်ရှုစစ်ဆေးစဉ် ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့်တွေ့ဆုံပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကကျသည့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အရေးကြီးဆုံးကဏ္ဍမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ဆရာ၊ ဆရာမများ အနေဖြင့် မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများကို မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ် ရှိစေရန်နှင့် ကျင့်ဝတ်များကို လေးစားလိုက်နာသော နိုင်ငံသားကောင်းများဖြစ်လာစေရေး လေ့ကျင့်ပြုစုပျိုးထောင်ပေး ကြရန်၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအပြင် နိုင်ငံတကာ အသိအမှတ်ပြုအင်ဂျင်နီယာနှင့် သုတေသနကို ဦးတည်သော တက္ကသိုလ်ဖြစ်လာစေရန်၊ ဘက်စုံထူးချွန်သော အင်ဂျင်နီယာများနှင့် ဆန်းသစ်တီထွင်သော သုတေသီများကို မွေးထုတ်ပေးရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် လားရှိုးဒေသမှ တွဲဖက်တာဝန်ထမ်းဆောင်နေကြသော ဆရာ၊ ဆရာမနှင့် ဝန်ထမ်းများကို စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ပြီး ဆရာ ဆရာမ များ၊ ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကာ ကျောင်းသား ကျောင်းသူများ၏ ပညာသင်နှစ်အလိုက် ခင်းကျင်းပြသထားသော သုတေသနပရောဂျက်များနှင့် စာသင်ခန်းများ၌ ပညာ သင်ကြားသင်ယူမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဆရာ၊ ဆရာမ ဝန်ထမ်းအိမ်ရာများ၊ ဆောင်ရွက်ဆဲ တည်ဆောက် ရေးလုပ်ငန်းများ၊ အားကစားကွင်းနှင့် ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်တို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


