နေပြည်တော်၊ စက်တင်ဘာ ၃၀

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့နံနက်ပိုင်းတွင် ရမည်းသင်းမြို့နယ်ရှိ နည်းပညာတက္ကသိုလ် (ရမည်းသင်း) နှင့် အစိုးရစက်မှု လက်မှုသိပ္ပံ (ရမည်းသင်း) သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ် (ရမည်းသင်း) သို့ ရောက်ရှိပြီး စာမေးပွဲခန်းများတွင် အင်ဂျင်နီယာဘွဲ့ကြိုသင်တန်းများမှ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုမှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရေကြီးရေလျှံမှုများကြောင့် တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသူအဆောင်၊ ဝန်ထမ်းအဆောင်တို့တွင် ရေများဝင်ရောက်ခဲ့မှု၊ မြေသားလမ်းများ ပျက်စီးမှု၊ အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်းမှု အခြေအနေများ၊ သောက်ရေသန့်၊ သုံးရေနှင့် မီးရရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အစိုးရစက်မှုလက်မှုသိပ္ပံ (ရမည်းသင်း) တွင် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုများ၊ လက်တွေ့ခန်းများ၊ အလုပ်ရုံများနှင့် တည်ဆောက်ရေးလုပ်ငန်းများကို ကြည့်ရှုအားပေးပြီး ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။    

သတင်းစဉ်