နေပြည်တော် ဒီဇင်ဘာ ၁၇

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။ 

ဉီးစွာပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပါမောက္ခချုပ်၊ ဌာနမှူးများနှင့် တွေ့ဆုံရာ ပါမောက္ခချုပ်က ကျောင်းဆိုင်ရာများနှင့် ပင်မသုံးထပ်ဆောင်တည်ဆောက်နေမှု အခြေအနေများ၊ တည်ဆောက်ရေး ကုမ္ပဏီတာဝန်ရှိသူက တည်ဆောက်ရေးလုပ်ငန်းများ၏ ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက ဆောင်ရွက်ရမည့်ကိစ္စရပ်များကို စနစ်တကျ စီမံချက်ရေးဆွဲပြီး လုပ်ဆောင်ကြရန်၊ လက်တွေ့ခန်းများကို သင်ရိုးညွှန်းတမ်းနှင့်အညီ ဖြည့်ဆည်း၍ ကျောင်းသား၊ ကျောင်းသူများ စနစ်တကျ လေ့လာသင်ယူနိုင်သော သင်ကြားသင်ယူမှု ဝန်းကျင်ကောင်းများဆောင်ရွက် ပေးရန်လိုအပ်ပါကြောင်း၊ ကုမ္ပဏီများမှ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့် အရည်အသွေးမီအောင် အလေးထားဆောင်ရွက်ကြရန်နှင့် အချိန်မီပြီးစီး နိုင်ရေးတို့ကို မှာကြားသည်။

 

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အဆောက်အဦးရှိ အခန်းများ ဖွဲ့စည်းထားရှိမှု အခြေအနေများ၊ တည်ဆောက်ရေးလုပ်ငန်းခွင်၊ အားကစားကွင်း၊ ဘောလုံးကွင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြည်ရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်