နေပြည်တော်၊ ဩဂုတ် ၁၈


သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီးရှိ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်နှင့် ရန်ကုန်အနောက်ပိုင်းနည်းပညာ တက္ကသိုလ်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် သတင်းအချက်အလက် နည်းပညာ တက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများ တွေ့ဆုံရာ ပါမောက္ခချုပ်က ကျောင်းဆိုင်ရာများနှင့် ပင်မခြောက်ထပ်ဆောင် တည်ဆောက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီးက သုတေသနပညာရှင်များ၊ နည်းပညာရှင်များ ဖြစ်လာစေရန် ကျောင်းသား၊ ကျောင်းသူများကို စနစ်တကျ သင်ကြားလေ့ကျင့်ပေးရန်နှင့် စာတွေ့သာမက လက်တွေ့ကျသည့် သင်ခန်းစာများဖြင့် သင်ကြားပေး၍ ပြည်သူ့အကျိုးပြု သုတေသနများကို ဆောင်ရွက်ကြရန်မှာကြားပြီး ပင်မ ခြောက်ထပ်ဆောင် တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ဆောင်ရွက်ပြီးစီးမှု အခြေအနေများအပေါ် အရည်အသွေး ပြည့်မီစွာနှင့် အချိန်မှီပြီးစီးနိုင်ရေးနှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေးတို့ကို မှာကြားသည်။ 

ထို့နောက် ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ် ပင်မသုံးထပ်စာသင်ဆောင်သစ် တည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တည်ဆောက်ရေး ကုမ္ပဏီတာဝန်ရှိသူက ပင်မသုံးထပ်ဆောင် တည်ဆောက်ရေးနှင့် တည်ဆောက်နေမှုအစီစဉ်များ၊ တည်ဆောက်ရေးဆိုင်ရာတို့ကို ရှင်းလင်းတင်ပြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ကုမ္ပဏီများမှ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ် စံချိန်စံညွှန်းနှင့် အရည်အသွေးမီအောင် အလေးထားဆောင်ရွက်ကြရန်နှင့် အချိန်မှီပြီးစီးနိုင်ရေး တို့ကို မှာကြားကာ ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ စိမ်းလန်းစိုပြေရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

 

mdn