နေပြည်တော်   ၃၁    ဇန်နဝါရီ

 

2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ စောင့်ကြပ် ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး ဗဟိုအဆင့် နေ့စဉ်ညှိနှိုင်းအစည်းအဝေး (၄/၂၀၂၀)ကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပ သည်။

 

5

           

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO)ဌာနချုပ်တွင်  ဇန်နဝါရီ ၃၀ ရက်က ကျင်းပခဲ့သော အဖွဲ့ဝင် (၁၅) ဦး ပါဝင်သော Emergency Committee အစည်းအဝေးမှ အကြံပြုချက်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်က သဘောတူပြီး 2019 nCoV ကူးစက်ရောဂါဖြစ်ပွားမှုကို “အပြည်ပြည်ဆိုင်ရာ ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ (Public Health Emergency of International Concern)” အဖြစ် ကြေညာလိုက်ပြီဖြစ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အဖွဲ့ဝင်နိုင်ငံများကို ရောဂါရှိသူထံမှ အခြားသူများထံ ကူးစက်ပြန့်ပွားမှု မရှိစေရေးလုပ်ငန်းများ အလေးထားရန် အကြံပြုထားပါကြောင်း၊ အဆိုပါကြေညာချက်တွင် ပါရှိသည့် ကမ္ဘာ့နိုင်ငံများမှ လိုက်နာဆောင်ရွက်ကြရမည့် အကြံပြုချက်များသည် မြန်မာနိုင်ငံ အနေဖြင့်  လတ်တလော ဆောင်ရွက်လျက်ရှိသော အချက်များဖြစ်သည်ကို တွေ့ရှိရပါ ကြောင်း။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ဖြစ်ပွားနေသော အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုနှုန်း သည် နေ့စဉ်ဆက်လက်မြင့်မားနေသည်ကို တွေ့ရှိရသည့်အတွက် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတို့ကို အထူးဂရုပြု၍ အားထုတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုအခါ ရောဂါ ဖြစ်ပွားသော နိုင်ငံများမှ ခရီးသည်များ ပြည်တွင်းသို့ ဝင်ရောက်လာခြင်း နည်းပါးသွားသည် နှင့်အမျှ မိမိတို့ နိုင်ငံတွင် အဆိုပါ ရောဂါကူးစက်ဖြစ်ပွားနိုင်ခြေမှာလည်း နည်းပါသွားမည် ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းကို ပိုမိုအလေးထားဆောင်ရွက် ခြင်း (Active Surveillance)နှင့် ဖြစ်ပွားသူတွေ့ရှိရပါက ၎င်းရောဂါရှိသူနှင့် ထိတွေ့ခဲ့သူများ ရှာဖွေခြင်း (Contact Tracing) ကို ပိုမိုအားထည့်၍ လုပ်ဆောင်ရမည်ဖြစ်ကြောင်း။

 

ထိုသို့ဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်များအလိုက် အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ရန်နှင့် အစီရင်ခံခြင်း၊ သတင်းပို့ခြင်းများကို စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ရောဂါကူးစက် ဝင်ရောက်လာပါက စောစီးစွာသိရှိနိုင်ရေး၊ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ရေးလုပ်ငန်းများကို ဗဟို၊ တိုင်းဒေသကြီး/ပြည်နယ်၊ ဆေးရုံ/ဆေးခန်းများတွင် ဆောင်ရွက်ထားရှိရုံ သာမက နှီးနွှယ်ဝန်ကြီးဌာနများ အချင်းချင်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက် နိုင်ရန် 2019 Novel Coronavirus (2019-nCoV) ရောဂါပိုးကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီ ဖွဲ့စည်းပြီး စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း။

 

ပြည်သူလူထုအတွင်း ကျန်းမာရေးအသိပညာပေးခြင်းကို အထူးကိစ္စရပ်အနေဖြင့် ဘက်ပေါင်းစုံမှ မဟာဗျူဟာများဖြင့် လုပ်ဆောင်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ဆရာဝန် အသင်းမှတစ်ဆင့် အထွေထွေရောဂါကုဆရာဝန်များအဖွဲ့ကို ဆက်သွယ်၍ သံသယလူနာ စောင့်ကြပ်ကြည့်ရှုဖော်ထုတ်ခြင်း၊ သတင်းပို့ခြင်း နှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်ရေး စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(မြန်မာနိုင်ငံရုံးခွဲ)ကို ဆက်သွယ်၍ ဆက်လက်လိုအပ်နိုင်မည့် နှာခေါင်းစည်း (surgical mask)၊ N95 နှာခေါင်းစည်း၊ တစ်ကိုယ်ရေရောဂါကာကွယ်ရေးဝတ်စုံ (personal protective equipment)၊ ရောဂါ ပိုးစစ်ဆေးဖော်ထုတ်ရန် ဓာတ်ခွဲပစ္စည်း (primer၊ probe နှင့် PCR kit) များ အမြန်ဆုံးရရှိရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

 

5

 

ထို့နောက် အမြဲတမ်းအတွင်းဝန်က နယ်စပ်ဖြတ်ကျော်သွားလာမှုများကို ကျန်းမာရေး အဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်မည် အစီအစဉ်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တရုတ် ပြည်သူ့သမ္မတနိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့၌ ပညာသင်ကြားလျက်ရှိ ကြသော မြန်မာ ကျောင်းသူ/ကျောင်းသားများကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် အထူး လေယာဉ် စေလွှတ်ခေါ်ယူသွားရန်အတွက် လေယာဉ်အမှုထမ်းအဖွဲ့၊ ကျန်းမာ ရေးအဖွဲ့နှင့် သယ်ယူပို့ဆောင်ရေး စသည်တို့အတွက် ကြိုတင်ပြင်ဆင်ထားမှုများ၊ ကျောင်းသူ ကျောင်းသားများရောက်ရှိလာပါက လိုအပ်သည်များဆောင်ရွက်ရန် ပြင်ဆင်ထားရှိမှုများကို လည်းကောင်း၊  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် က တိုင်းဒေသ ကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် Video conferencing နှင့် Teleconferencing ပြုလုပ်၍ သတင်းပေးပို့ဖလှယ်ခြင်း၊ လုပ်ငန်းညှိနှိုင်း ဆောင်ရွက်ခြင်းများကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာရေး၊ ကုသရေး၊ ဓာတ်ခွဲ၊ e-Health ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ဌာနချုပ်မှ ထုတ်ပြန်ချက်နှင့် သတင်းအချက်အလက်များ၊ ရောဂါစောင့်ကြပ်ကြည့်ရှုရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများရရှိမှု၊ ခွဲဝေဖြန့်ဖြူး ထားမှုများ စသည်တို့ အပါအဝင် နောက်ဆုံးသတင်းအချက်အလက်များကို ဝေမျှခြင်းနှင့် ဆွေးနွေးအကြံပြုခြင်းများ ဆောင်ရွက်ကြသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယခုဖြစ်ပွားနေသည့် 2019 Novel Coronavirus (2019-nCoV) ရောဂါပိုးကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ကာကွယ်ထိန်းချုပ်ရာတွင် ကဏ္ဍအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် စနစ်တကျချိန်ကိုက် ပူးပေါင်းဆောင်ရွက် ညှိနှိုင်းခြင်း၊ ဆောင်ရွက်ပြီးစီးမှုကို သုံးသပ်ခြင်းနှင့် ပြန်လည်ဆန်းစစ်ခြင်း  ကိုဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

 

(သတင်းစဉ်)