ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး (၃၉)ကြိမ်မြောက် မြန်မာနိုင်ငံ သွားနှင့် ခံတွင်းဆရာဝန်များ၏ ညီလာခံဖွင့်ပွဲ အခမ်းအနား တက်ရောက်

နေပြည်တော် ၂၆ ဇန်နဝါရီ 


မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်း၏ (၃၉) ကြိမ်မြောက် ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပသည်။

 

mdn


ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ သွားနှင့် ခံတွင်း ဆရာဝန်အသင်း အနေဖြင့် ယခုကဲ့သို့သော ညီလာခံမျိုးကို (၃၉)ကြိမ်တိုင်အောင် ကျင်းပပြုလုပ်နိုင်ခြင်းသည် အသင်း၏ စည်းလုံးညီညွတ်မှုရှိခြင်း၊ သွားနှင့် ခံတွင်းဆိုင်ရာ ဆေးပညာနယ်ပယ်ကို ပိုမိုတိုးတက် ဖွံ့ဖြိုးစေလိုစိတ်ရှိခြင်းကို ပြသနေပါကြောင်း၊ သွားနှင့် ခံတွင်းဆိုင်ရာ ဆေးပညာတွင် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဟူ၍ အဓိက နယ်ပယ်နှစ်ရပ်လုံးတွင် ဆက်လက် တိုးတက်ဖွံ့ဖြိုးစေရေးအတွက် ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ သွားနှင့် ခံတွင်း ဆရာဝန်အသင်း၊ မြန်မာနိုင်ငံ သွားနှင့် ခံတွင်း ဆရာဝန်ကောင်စီ အပါအဝင် နှီးနွယ်အသင်းအဖွဲ့များ၊ ဌာနများနှင့် လက်တွဲပူးပေါင်းကာ ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းနှင့် ပူပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။


ဖွံ့ဖြိုးပြီးနိုင်ငံများ၌ သွားနှင့် ခံတွင်းဆိုင်ရာ ဆေးပညာနှင့် ကုသမှုနယ်ပယ်တွင် လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်လျက်ရှိရာ မိမိတို့ နိုင်ငံအနေဖြင့်လည်း ပိုမိုကြိုးစားအားထုတ်မှုများ ပြုလုပ်ကြရမည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်အဖြစ်များသော သွားနှင့်ခံတွင်းရောဂါ ပြဿနာများ ဖြစ်ပွားမှုလျော့နည်းစေရန်အတွက် သွားနှင့်ခံတွင်းဆိုင်ရာ ပြည်သူ့ကျန်းမာရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သွားဘက်ဆိုင်ရာ ဆရာဝန်များ အပါအဝင် ကျန်းမာရေးဝန်ထမ်းများ စဉ်ဆက်မပြတ် ဆေးပညာသင်ကြားခြင်းများကို ခေတ်မီ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာကို အသုံးချပြုလုပ်သွားနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံမှ မျိုးဆက်သစ် သွားနှင့်ခံတွင်း ဆေးပညာရှင်များအနေဖြင့် ညီလာခံတက်ရောက်သူ နိုင်ငံတကာမှ ဝါရင့်ပညာရှင်ကြီးများထံမှ အတွေ့အကြုံနှင့် အမြင်များ ရယူဖလှယ်နိုင်ခြင်း၊ ခေတ်မီနောက်ဆုံးပေါ် ကုထုံးများကို သိရှိနိုင်ခြင်းနှင့် ကွန်ရက်ချိတ်ဆက် ဆောင်ရွက်နိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်သဖြင့် အကျိုးထိရောက်စွာ အသုံးချစေလိုပါကြောင်း၊ မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆေးပညာလောကကြီး ပိုမိုဖွံ့ဖြိုးတိုးတက် စေရန်အတွက် ယခုညီလာခံကြီးသို့ တက်ရောက်လာကြသည့် ပြည်တွင်းနှင့် နိုင်ငံတကာမှ ပညာရှင်ကြီးများက အကြံပြုချက်များ ပေးကြစေလိုပါကြောင်း။


ပညာရှင်ဆန်မှုမြှင့်တင်ကာ စေတနာ့ဝန်ထမ်းလုပ်ငန်းများ ချဲ့ထွင်ပါ ဟူသည့် ညီလာခံ၏ ရည်ရွယ်ချက် ခေါင်းစဉ်နှင့်အညီ လုပ်ငန်းများဆက်လက် ဆောင်ရွက်သွားကြရန်ကိုလည်း တိုက်တွန်းလိုပါကြောင်း၊ ဝန်ကြီးဌာနသည် ကျောင်းကျန်းမာရေးလုပ်ငန်းများကို ဦးစားပေးသတ်မှတ် ဆောင်ရွက်လျက်ရှိရာ သွားနှင့်ခံတွင်း ဆေးပညာရှင်များအနေဖြင့် ကျောင်းကျန်းမာရေး လုပ်ငန်းများတွင် သွားကျန်းမာရေးလုပ်ငန်းများကိုလည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားကြပါရန် တိုက်တွန်းလိုပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ၉ ဒသမ ၅ သန်း ခန့်ရှိသော ကျောင်းသားထုကြီးသည် ကောင်းမွန်သော သွားနှင့်ခံတွင်းကျန်းမာမှုကို ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ညီလာခံမျိုးကို သာမက သွားနှင့်ခံတွင်း ဆေးပညာရှင်ကြီးများကို ဖိတ်ခေါ်၍ ပညာရပ်ဆိုင်ရာ ရှင်းလင်းတင်ပြပွဲများ၊ ဆွေးနွေးပွဲများ၊ ပညာရှင်များ ဝိုင်းဖွဲ့ဆွေးနွေးပွဲများကိုလည်း ပြုလုပ်သွားကြစေလိုပါကြောင်း ပြောကြားသည်။


ထို့နောက် မြန်မာနိုင်ငံ သွားနှင့်ခံတွင်းဆရာဝန်အသင်း ဥက္ကဋ္ဌ ပါမောက္ခဒေါက်တာ သိန်းကြူနှင့် ညီလာခံဧည့်ခံကြိုဆိုရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်နှင်းအေးတို့က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကြပြီး China Stomatological Association မှ ဥက္ကဋ္ဌ Professor Guangyan Yu ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားသည်။

 

mdn


ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊  ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ခေတ္တညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံ သွားနှင့်ခံတွင်း ဆရာဝန်အသင်း ဥက္ကဌတို့က ညီလာခံအထိမ်းအမှတ်ပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြခန်းများကို လှည့်လည်ကြည့်ရှုကြသည်။


မြန်မာနိုင်ငံ သွားနှင့် ခံတွင်း ဆရာဝန်အသင်း၏ (၃၉)ကြိမ်မြောက် ညီလာခံကို ဇန်နဝါရီ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာ၊ တရုတ်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ထိုင်ဝမ်၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ သြစတြေးလျနိုင်ငံများနှင့် ဟောင်ကောင်တို့ရှိ အမျိုးသားအဆင့် သွားနှင့်ခံတွင်း ကျန်းမာရေးအဖွဲ့များမှ  ဆေးပညာရှင်များလည်း ပါဝင်တက်ရောက်ကြသည်။ 


(သတင်းစဉ်)