နေပြည်တော်  ၁၃   ဇန်နဝါရီ 

(၄၈) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဆေးသုတေသနဦးစီးဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဝန်ကြီးဌာနမှ နှစ်စဉ်ပြုလုပ်လျက်ရှိသော ယခုညီလာခံကြီးသည် သုတေသနပညာရှင်များ၊ ဆေးပညာရှင်များ၊ စီမံခန့်ခွဲသူများအတွက် အတွေ့အကြုံနှင့် အသိပညာများမျှဝေရာနေရာဖြစ်ကြောင်း၊ သုတေသနရလဒ်နှင့် တွေ့ရှိ သုံးသပ်ချက်များသည် မူဝါဒ၊ စီမံခန့်ခွဲမှု၊ လုပ်ငန်းဆောင်ရွက်မှုနှင့် လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုများ အတွက် အရေးကြီးပါကြောင်း၊ ဝန်ကြီးဌာနမှ ပြုလုပ်ထားသော သုတေသနများမှ တွေ့ရှိသုံးသပ်ချက်များနှင့် အကြံပြုချက်များကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချဆောင်ရွက်မှုများကို ပြန်လည်ဆန်းစစ် သုံးသပ်ကြရန် လိုအပ်ကြောင်း၊ သုတေသနရလဒ်နှင့် တွေ့ရှိသုံးသပ်ချက်များကို အမှန်တကယ်အသုံးချ ဆောင်ရွက်မှသာ သုတေသန ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် အောင်မြင်မည်ဖြစ်ကြောင်း။

 

‌ေ

 

ဝန်ကြီးဌာနမှ အသုံးချသုတေသနလုပ်ငန်းများဆောင်ရွက်ရန် ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ခွင့်ပြုဘဏ္ဍာ ငွေကျပ်သန်း ၁၀ဝ၀ ၊ ၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ ငွေကျပ်သန်း ၅၀ဝ နှင့် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း ၁၅၀ဝ ကို ခွင့်ပြုချထား ပေးခဲ့ပြီး အဆိုပါ ဘဏ္ဍာငွေများကို အသုံးပြု၍ ဝန်ကြီးဌာနရှိ ကျန်းမာရေးစီမံချက်လုပ်ငန်းများ၏ စီမံခန့်ခွဲအုပ်ချုပ်မှု၊ ပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှု၊ ဆေးနှင့် ဆေးပစ္စည်းကိရိယာ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်များ ပိုမိုတိုးတက်မြင့်မားစေရန်အတွက် လက်တွေ့အသုံးချ သုတေသနများ အပါအဝင် သုတေသနစီမံချက် ၉၅၅ ခုကို လုပ်ဆောင်ခဲ့ပြီး ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တွင် ငွေကျပ်သန်း ၃၀ဝ၀ ကို ထပ်မံခွင့်ပြုချထားပေးခဲ့ပါကြောင်း။

ဝန်ကြီးဌာနရှိ ဦးစီးဌာနများနှင့် တက္ကသိုလ်များတွင် သုတေသနကျင့်ဝတ်နှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာ ဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့များကို ဖြည့်ဖွဲ့စည်းခြင်းနှင့် အသစ်ဖွဲ့စည်းခြင်းများပြုလုပ်၍ သုတေသနများ စနစ်တကျဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနမှတ်ပုံတင်စနစ်ကို ဆောင်ရွက်ခဲ့ပြီး သုတေသနဆောင်ရွက်မှု အားနည်းလျက်ရှိသော အရေးကြီးကဏ္ဍများကို စိစစ်သုံးသပ်ပြီး ဦးစားပေးသုံးသပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသားကျန်းမာရေးသုတေသန မူဝါဒ(၂၀၁၇)ကို ရေးဆွဲချမှတ်ခဲ့ပြီး အဆိုပါမူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် လုပ်ငန်းမူဘောင်၊ လမ်းပြမြေပုံများနှင့် အစီအစဉ်များ ဆက်လက်ရေးဆွဲချမှတ်သွားမည်ဖြစ်ကြောင်း၊ မျိုးဆက်သစ် ဆေးပညာရှင်များကို သုတေသန စွမ်းဆောင်ရည်များမြင့်မားရေး အားပေးမြှင့်တင်ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ဝန်ကြီးဌာနတွင် ဆောင်ရွက်ရန်လိုအပ်သည့် သုတေသနများကို အခန်းကဏ္ဍအလိုက်ပြုစု၍ သုတေသနခေါင်းစဉ် ဘဏ်တိုက် တစ်ခုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ဆေးသုတေသနဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံနှင့် သင့်တော်သော သုတေကျင့်ဝတ်ပိုင်းဆိုင်ရာ၊ သုတေသနလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများကို ရေးဆွဲထုတ်ဝေသွားရန် လိုအပ်ကြောင်း၊ ယခု ညီလာခံကြီးတွင် သူနာပြုများ၊ ကျန်းမာရေးစောင့်ရှောက်မှု အထောက်အကူပြုပညာရှင်များ၊ အခြေခံကျန်းမာရေးဝန်ထမ်းပညာရှင်များ ပိုမိုတက်ရောက်ပါဝင်နိုင်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယခုညီလာခံကြီးတွင် သုတေသနပိုစတာပေါင်း ၁၀၇ ခုနှင့် စာတမ်း ၃၄ စောင်တို့ကို ဖတ်ကြားဆွေးနွေးသွားကြမည်ဖြစ်ပြီး အရည်အသွေးမြင့်မားသည်ကို တွေ့ရှိရကြောင်း၊ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုများသည် နိုင်ငံတော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများနှင့် တိုက်ရိုက်အချိုးကျ ဆက်စပ်နေ၍ သုတေသန ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနမှ ဆက်လက်ပံ့ပိုးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ညီလာခံတွင် ခင်းကျင်းပြသထားသည့် ကျန်းမာရေးဆိုင်ရာ သုတေသနပိုစတာများနှင့် ပြခန်းများကို လှည့်လည်ကြည့်ရှုပြီး ညီလာခံခန်းမ(၁)၌ ကျင်းပသည့် သုတေသနစာတမ်းဖတ်ပွဲတွင် သဘာပတိအဖြစ် ဆောင်ရွက်သည်။

(၄၈)ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၌ “ကမ္ဘာကြီးကို ခြိမ်းခြောက်နေသော ပဋိဇီဝဆေးယဉ်ပါးမှုအန္တရာယ် (antimicrobial resistance: a threat of global concern)” ဟူသော ခေါင်းစဉ်ဖြင့် ဇန်နဝါရီ ၁၇ ရက်အထိ ဂျပန်၊ နော်ဝေ၊ ကိုရီးယား၊ စင်ကာပူ၊ ဗြိတိန်၊ ဩစတြေးလျ၊ တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံတို့မှ သုတေသီပညာရှင်များက သုတေသနစာတမ်းများ တင်သွင်းဖတ်ကြားခြင်း၊ သုတေသန ပိုစတာများပြသခြင်းနှင့် ဆွေးနွေးနှီးနှောဖလှယ်ခြင်းများကို ဆောင်ရွက်ကြမည်ဖြစ်ပြီး အကောင်းဆုံးအခြေခံသုတေသနစာတမ်း၊ အကောင်းဆုံးလက်တွေ့အသုံးချ သုတေသနစာတမ်း၊ အကောင်းဆုံးလူမှုရေးနှင့် ကျန်းမာရေးသုတေသနစာတမ်း၊ အကောင်းဆုံးပိုစတာနှင့် လူငယ်သုတေသီဆုများကို ရွေးချယ်ပေးအပ်သွားမည်ဖြစ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်သူ့ကျန်းမာရေးတက္ကသိုလ်၌ ပါမောက္ခချုပ်၊ ပါမောက္ခများနှင့် ဆရာ၊ ဆရာမများ၊ ဆေးတက္ကသိုလ်(၅)ခုမှ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာန၊ ပါမောက္ခ/ဌာနမှူးများ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာနှင့် ဆရာမများ၊ အခြေခံ ကျန်းမာရေးတက္ကသိုလ်မှ ဆရာ၊ ဆရာမများ၊ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာရှင်များအဖွဲ့မှ အဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆရာ၊ဆရာမများအနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရုံးချုပ်နှင့် အမေရိကန်နိုင်ငံ ရောဂါနှိမ်နင်းရေးဗဟိုဌာနတို့၏ အင်တာနက်စာမျက်နှာများကို လေ့လာကြည့်ရှုပြီး ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားနေသော ပြည်သူ့ကျန်းမာရေးပြဿနာများနှင့် အကြောင်းအရာများကို ကျောင်းသား၊ ကျောင်းသူများထံ ဝေမျှပေးရန်လိုအပ်ကြောင်း၊ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာ သင်ရိုးညွှန်တမ်း မွမ်းမံရေးဆွဲရန်၊ သင်ကြားသင်ယူမှုများ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်ချက်များကို ဆွေးနွေးဖော်ထုတ်ရန်နှင့် ပညာရပ်ဘက်စုံ ပိုမိုဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေး အကြံပြုရန်တို့အတွက် နှီးနှောဖလှယ်ပွဲ တစ်ရပ် ကျင်းပသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာရှင်များအဖွဲ့၏ ဥက္ကဋ္ဌ ဆေးတက္ကသိုလ် (၁) ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာနမှ ပါမောက္ခ/ဌာနမှူး ပါမောက္ခဒေါက်တာ စန်းစန်းဌေးက ဆေးတက္ကသိုလ်များရှိ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာနများ၏ ဖွဲ့စည်းပုံ၊ လက်ရှိသင်ရိုးညွှန်းတမ်း၊ ကာကွယ်ရေးနှင့် လူမှုရေးဆေးပညာဌာနအဖွဲ့ ဖွဲ့စည်းဆောင်ရွက်မှုနှင့် ၎င်းအဖွဲ့၏ ပထမအကြိမ် အစည်းအဝေးမှ ပညာရပ် ပိုမိုတိုးတက်ဖွံ့ဖြိုးရေးအတွက် အကြံပြုချက်များကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများက လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးသည်။

(သတင်းစဉ်)