နေပြည်တော် ၂၃ အောက်တိုဘာ
အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာ ကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပသည်။
အစည်းအဝေးပွဲတွင် အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းတွင် ပဋိဇီဝဆေးယဉ်ပါးသော၊ ပဋိဇီဝဆေးမတိုးသော ရောဂါပိုးများသည် ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်အနေဖြင့်သာမက ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ လူမှုရေးနှင့် စီးပွားရေး ခြိမ်းခြောက်မှုများရှိနေသဖြင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေး လုပ်ငန်းများသည် အရေးကြီးပါကြောင်း၊ ပဋိဇီဝဆေးဝါးများကို စနစ်တကျသုံးစွဲမှုမရှိခြင်း ကြောင့် ရောဂါပိုးများသည် ပဋိဇီဝဆေးယဉ်ပါးကာ ဆေးမတိုးသဖြင့် ရောဂါပျောက်ကင်းမှု မရှိခြင်း၊ အသက်သေဆုံးသည်အထိ ဖြစ်ပွားခြင်းတို့ ဖြစ်ပွားနိုင်ပါကြောင်း။
ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာ အကြောင်းအရာများကို ဝန်ကြီးဌာနရှိ ဆေးနှင့် ဆေးနှီးနွှယ် တက္ကသိုလ်များ၊ သင်တန်းကျောင်းများတွင် ထည့်သွင်းသင်ကြားခြင်းများကို ပိုမိုပြုလုပ်သွားရ မည်ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် ပဋိဇီဝဆေးဝါးများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများ၏ ညွှန်းဆိုချက်အတိုင်း စနစ်တကျ သုံးစွဲသောက်သုံးရန် ကျန်းမာရေးအသိပညာ ပေးမှုများကို ဝန်ကြီးဌာနမှ Mobile Tablet များ အသုံးပြု၍ အရှိန်အဟုန်ဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ နယ်စပ်ဒေသများမှ ဆေးဝါးများ တရားမဝင် ဝင်ရောက်မှု၊ အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်နှင့် မှတ်ပုံတင်မပါသော အရည်အသွေး အာမခံချက်မရှိသော ဆေးဝါးများအား ရောင်းဝယ်ဖောက်ကားမှုဆိုင်ရာ ပြဿနာများ အပါ အဝင် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနများနှင့် ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်သွားရေးသည် အရေးကြီးကြောင်း။
ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများ၏ အခန်းကဏ္ဍသည် အရေးကြီးပြီး သတ်မှတ်ထားသော လမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများ အတိုင်း လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနမှ ထုတ်ဝေထားသည့် ပဋိဇီဝ ဆေးယဉ်ပါးမှုဆိုင်ရာနှင့် ပဋိဇီဝဆေးဝါးများအား ကျိုးကြောင်းဆီလျှော်စွာ အသုံးချမှုဆိုင်ရာ လမ်းညွှန်၊ စံလုပ်ထုံး လုပ်နည်းများကို ပြုပြုမွမ်းမံခြင်းနှင့် အသစ်ရေးဆွဲခြင်းများကို ပြုလုပ် သွားမည်ဖြစ်ကြောင်း၊ ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာ ဥပဒေများနှင့် နည်းဥပဒေများ ပြဌာန်း နိုင်ရေးအတွက် သက်ဆိုင်ရာနှီးနွှယ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ်(ဓာတ်ခွဲ) ပါမောက္ခဒေါက်တာဌေးဌေးတင်က အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှု တိုက်ဖျက်ရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းလမ်းပြ မြေပုံ၊ လုပ်ငန်းစဉ်များ၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ကဏ္ဍသုံးခု ပူးပေါင်း၍ ပဋိဇီဝဆေးယဉ်ပါးမှုဆိုင်ရာ စစ်တမ်းတို့ကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ကာကွယ်ရေးဝန်ကြီးဌာန ဆေးဝန်ထမ်းတပ်ဖွဲ့ ညွှန်ကြားရေးမှူးရုံး၊ မြန်မာနိုင်ငံဆေးပညာရှင်အဖွဲ့၊ မြန်မာနိုင်ငံ ဆရာဝန်အသင်း၊ မြန်မာနိုင်ငံဆေးဝါးပညာရှင်အသင်း၊ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်း ကုန်သည်များနှင့် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း၊ စိုက်ပျိုးရေး သုတေသနဦးစီးဌာနနှင့် အမျိုးသားအဆင့် ပဋိဇီဝဆေးယဉ်ပါးမှုတိုက်ဖျက်ရေး ဆိုင်ရာ ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးအကြံပြုကြသည်။
(သတင်းစဉ်)


